ဖားဆောင်းမြို့ ခလရ ၁၃၄ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင် အရာရှိနှင့်စစ်သည်များအပါအဝင် စစ်သုံ့ပန်း ၅၀ ထက်မနည်း ဖမ်းဆီးရရှိပြီး ဖားဆောင်းမြို့တစ်ခုလုံးကို သိမ်းပိုက်ရရှိရန် နီးစပ်လာ
ရန်ကုန်၊ ဇူလိုင် ၂
ကရင်နီပြည်၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၅၀ ထက်မနည်း ဖမ်းဆီးရရှိထားကြောင်း ကရင်နီတော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၆ ရက်နေ့မှ စ၍ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်း ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုရက်ပိုင်းအတွင်း အဆိုပါ တပ်ရင်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကျန်ရှိနေသော ခလရ ၁၃၅ တပ်ရင်းကို ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရ သည်။
“ဖားဆောင်းတိုက်ပွဲအခြေအနေက ကောင်းပါတယ်။ ခလရ ၁၃၄ တပ်ရင်းကို သိမ်းပြီးပြီ၊ ကျန်နေသေးတဲ့ တပ်စခန်းကို ဆက်သိမ်းနေလို့ အတိအကျပြောပြလို့မရသေးဘူး။ အားလုံးပြီးသွားတာနဲ့ တရားဝင် ထုတ်ပြန်ပါလိမ့်မယ်” ဟု ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းသိမ်းပိုက်ရာတွင် ဖားဆောင်းပြည်သူ့ ကာကွယ်ရေး တပ် (အမှတ်-၁၁၀၈) တပ်ရင်းမှ အသက် ၄၀ အရွယ် ရဲဘော်ကျော်စိုး (ခ) ဆိုင်မောင်းသည် တိုင်းပြည်နှင့် ပြည်သူ့အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း ဖားဆောင်းမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကရင်နီပြည်၊ ဖားဆောင်းမြို့ကို သိမ်းယူနိုင်ရေးအတွက် စစ်ကောင်စီတပ်၏ ခလရ ၁၃၄ နှင့် ၁၃၅ တပ်ရင်းတို့ကို ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သည်။
ဖားဆောင်းမြို့တွင် စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ခလရ ၁၃၅ တပ်ရင်း ၂ ခုသာရှိပြီးယင်းတပ်ရင်းစခန်း ၂ ခုစလုံးကို သိမ်းပိုက်နိုင်ပါက ဖားဆောင်းမြို့နယ်တစ်ခုလုံးသည် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ကျရောက်သွားမည်ဖြစ်ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။