EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး စစ်ကောင်စီ ကြိုးပမ်းနေ
ဧရာဝတီ၊ ဇွန် ၃၀၊ ၂၀၂၅
ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် စိတ်အားထက်သန်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး လေ့လာခွင့်ရရှိသည့်နိုင်ငံဖြစ်ရန် ကြိုးစားဆောင်ရွက်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသော စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025) တက်ရောက်ပြီးအပြီး နေပြည်တော်လေဆိပ်ရောက်စဉ် စစ်ကောင်စီ ဝါဒဖြန့် သတင်းမီဒီယာများအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။
EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကြိုးစားဆောင်ရွက်မှုသည် အောင်မြင်နိုင်လိမ့်မည်ဟုမြင်ကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ရုရှား အပါအဝင် အခြားနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံကို ကြိုဆိုလက်ခံသည်ဟုမြင်ကြောင်း ၎င်းက ဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်အတွက် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် စိတ်အားထက်သန်လျက်ရှိပြီး မြန်မာ နိုင်ငံကို EAEU ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရေး ထောက်ခံပေးရန် တောင်းဆိုထားသည်။
ရုရှား ဦးဆောင်သည့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)ကို ၂၀၁၅ တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး လက်ရှိ ဘယ်လာရုစ်က အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှ စီးပွားရေးဖိုရမ်သို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အာမေးနီးယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ရုရှားနှင့် မိတ်ဖက်နိုင်ငံ ကျူးဘားတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – CINCDS
