အသတ်ခံရမည်ကိုကြောက်နေသည့် ရာအိမ်မှူးများ စစ်မှုထမ်းကြေးကောက်ယူမှုကို အမျိုးသမီးများဖြင့် လုပ်ဆောင်ခိုင်းနေ

by

in

အသတ်ခံရမည်ကိုကြောက်နေသည့် ရာအိမ်မှူးများ စစ်မှုထမ်းကြေးကောက်ယူမှုကို အမျိုးသမီးများဖြင့် လုပ်ဆောင်ခိုင်းနေ
29 Jun 2025 By Zwe Ko / MPA
ပဲခူးတိုင်း အနောက်ခြမ်းရှိ မြို့နယ်များမှ ရာအိမ်မှူးများသည် အသတ်ခံရမည်ကိုကြောက်လန့်သဖြင့် စစ်မှုထမ်းကြေးကောက်ယူမှုကို အမျိုးသမီးများဖြင့် ကောက်ခံခိုင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို တော်လှန်ရေးအဖွဲ့အချို့က ရှင်းလင်းမှုများ မကြာခဏလုပ်ဆောင်နေခြင်းကြောင့် ရာအိမ်မှူးများသည် ရပ်ကွက်အတွင်းရှိ အမျိုးသမီးများအကူအညီတောင်း၍ ငွေကောက်ခံမှုများပြုလုပ်နေခြင်းဖြစ်သည်ဟု အုတ်ဖိုမြို့နယ်မှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
“တစ်ယောက်ထဲတော့ မဟုတ်ဘူး။ အမျိုးသမီး ခုနှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီးတော့ တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ ပိုက်ဆံလိုက်ကောက်ခိုင်းတာ၊ ရာအိမ်မှူးတွေက မကောက်ရဲတော့ဘူး။ ခါတိုင်းအပတ်စဉ်တွေဆို သူတို့ကိုယ်တိုင် ကောက်တာ၊ အခုလကစပြီး အမျိုးသမီးတွေကိုကောက်ခိုင်းတယ်။ အမျိုးသမီးတွေကို ဖိအားပေးပြီး ကောက်ခိုင်းတာ” ဟု ၎င်းက ပြောသည်။
အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးမရှိသည့် ကျေးရွာအုပ်စုအချို့တွင် စစ်မှုထမ်းကြေးကောက်ခံရန်အတွက် စစ်ကောင်စီအဖွဲ့ဝင်များက အမျိုးသမီးများကို ကောက်ခံခိုင်းနေကြောင်း မင်းလှမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူး နုတ်ထွက်သွားတဲ့ရွာတွေ၊ ပစ်သတ်ခံရလို့ အုပ်ချုပ်ရေးမှူးမရှိတဲ့ ရွာတွေဆိုရင် ရာအိမ်မှူးတွေက ကြောက်လန့်ပြီး ပိုက်ဆံ မစုရဲတော့ဘူး။ အဲ့ဒီတော့ အမျိုးသမီးတွေက ပိုက်ဆံကောက်ရမယ်။ ပိုက်ဆံကိုလည်း ကိုယ့်ဘာသာ သွားပေးရမယ်ဆိုပြီး အမျိုးသမီးတွေကို တာဝန်ပေးတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက တောင်းခံသည့် စစ်မှုထမ်းကြေးကိုမပေးပါက ဒေသခံများ ပေါ်တာဆွဲခံရမည်ကို ကြောက်လန့်ရသည့်အပြင် ငွေကြေးပေးပါကလည်း PDF များ အန္တရာယ်ပြုမည့်ကို ထိတ်လန့်နေရခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ငွေကြေးကောက်ခံမှုမပြုလုပ်တော့ဘဲ အမျိုးသမီးများကိုသာ ကောက်ခံခိုင်းခြင်းဖြစ်သည်ဟု စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကပြောသည်။
“ပိုက်ဆံကောက်ရင်လည်း အသတ်ခံရမှာကြောက်ရတယ်။ မကောက်ပေးရင်လည်း ရွာကလူတွေ ပေါ်တာဆွဲခံရတဲ့အခါ လိုက်ထုတ်ဖို့ခက်တယ်။ အဲ့ဒီတော့ မဖြစ်မနေ ကောက်ရမဲ့အခြေအနေဖြစ်နေတော့ ရွာထဲက အမျိုးသမီးတွေကို အဖွဲ့ဖွဲ့ပြီး လိုက်ကောက်ခိုင်းရတာ၊ ဒီတစ်ပတ်က တစ်ဖွဲ့ဆို နောက်တစ်ပတ်က အခြားတစ်ဖွဲ့က ပိုက်ဆံလိုက်ကောက်ပေးရတယ် ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပိုက်ဆံကောက်ခံခြင်းမရှိဘဲ အမျိုးသမီးများမှ ပိုက်ဆံကောက်ပေးနေရခြင်းသည် စစ်တပ်ကို ကူညီအားပေးနေခြင်းကြောင့်မဟုတ်ဘဲ ဒေသခံများ ပေါ်တာဆွဲခံရမည့်အရေးကို စိုးရိမ်ခြင်းကြောင့်သာ ဆောင်ရွက်ပေးနေရခြင်းဖြစ်သည်ဟု စစ်မှုထမ်းကြေးကောက်ခံပေးနေရသည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
“အမတို့ရွာမှာ အုပ်ချုပ်ရေးမှူးမရှိတော့ဘူး။ နောက်အသစ်လုပ်မဲ့သူလည်းမရှိဘူး။ ရာအိမ်မှူးတွေကလည်း ပိုက်ဆံ မကောက်ရဲဘူး။ ပိုက်ဆံမကောက်ရင်လည်း စစ်တပ်က ရန်ရှာအုန်းမယ်။ ဘယ်သူမှ ကိုယ့်တူ သားတွေ ပေါ်တာဆွဲခံရတဲ့အထဲ မပါစေချင်ဘူးလေ၊ အဲ့ဒီတော့ မဖြစ်မနေ အန်တီတို့က ပိုက်ဆံကောက်ပေးနေရတာ၊ ကောက်လို့ရတဲ့ ပိုက်ဆံကို မြို့ပေါ်မှာ သွားပေးရတယ်။ မဖြစ်မနေမိုလို့သာ ပေးနေရတာ ” ဟု ၎င်းက ဆိုသည်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်မှုထမ်းကြေးပေးဆောင်နေရခြင်းဖြစ်ပြီး ယင်းငွေကြေးများကို ကျေးရွာ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ဦးဆောင်ကောက်ခံပေးခဲ့ခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ စစ်မှုထမ်းကြေးမပေးသည့် ကျေးရွာများကိုလည်း စစ်ကောင်စီနှင့် ပျူစောထီးများက ပေါ်တာဆွဲမှုများ ပိုမိုပြုလုပ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ- စစ်တပ် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်
ပုံစာ- စစ်မှုထမ်းရန် စာရင်းကောက်ခံနေမှု