အကျဥ်းထောင်အတွင်း မသေသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ကျဥ်းများအတွက် စစ်ကောင်စီကို လုံးဝ ခွင့်မလွှတ်ဘဲ တရားမျှတမှုရယူသွားမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီများ ကြေညာ

by

in

အကျဥ်းထောင်အတွင်း မသေသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ကျဥ်းများအတွက် စစ်ကောင်စီကို လုံးဝ ခွင့်မလွှတ်ဘဲ တရားမျှတမှုရယူသွားမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီများ ကြေညာ
ဇွန် ၂၉၊ ၂၀၂၅
စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံရကာ နိုင်ငံရေးအကျဥ်းသားတွေ မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့အပေါ် စစ်ကောင်စီနဲ့ လက်ပါးစေတွေကို ခွင့်လွှတ်မှာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ အကျဥ်းထောင်တွေထဲမှာ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လုံလောက်တဲ့ ဆေးဝါးနဲ့ အစာအဟာရ မရရှိမှုတို့ကြောင့် မလိုအပ်ဘဲ အသက်သေဆုံးနေကြရပြီး အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် (၁၄၅)ယောက် အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ထောင်တွင်းကျဆုံးခဲ့ပြီး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်းဟာလည်း ၂၀၂၄ အောက်တိုဘာ ၈ ရက်နေ့ အိုးဘိုထောင်မှာ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာလည်း မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးဟာ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြု ကော်မတီတွေက “မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးနှင့်တကွ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ပြီးဖြစ်သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ကောင်းရာသုဂတိလားပါစေ” လို့ ပူးတွဲ ကြေညာချက်နဲ့အတူ အကျဉ်းထောင်အတွင်းမှာ မလိုအပ်ဘဲ ကျဆုံးခဲ့ရသူတွေအတွက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှုအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒီကြေညာချက်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ တနင်္သာရီတိုင်းလွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရန်ကုန်တိုင်းလွှတ်တော်၊ ဧရာဝတီတိုင်းလွှတ်တော်၊ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကယားပြည်နယ် လွှတ်တော်သုံးရပ်ကော်မတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပဲခူးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီတို့ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။