ဖယ်ခုံကို မီးရှို့ပစ်မည်ဟု ကြွေးကြော်ထားသည့် PNA ပြည်သူ့စစ် တပ်ခွဲမှူး ဆိုသူ ဒရုန်းဗုံးထိပြီး သေဆုံး

by

in

ဖယ်ခုံကို မီးရှို့ပစ်မည်ဟု ကြွေးကြော်ထားသည့် PNA ပြည်သူ့စစ် တပ်ခွဲမှူး ဆိုသူ ဒရုန်းဗုံးထိပြီး သေဆုံး
ဇွန် ၂၈ ၊ ၂၀၂၅

ဖယ်ခုံမြို့ကိုရရင် အိမ်သာပါမချန် မီးရှို့သွားမယ်လို့ ခြိမ်းခြောက်​ကြွေးကြော်ထားတဲ့ PNA ပြည်သူ့စစ် တပ်ခွဲမှူး နောင့်စိုင်းဆိုသူဟာ တိုက်ပွဲအတွင်း ဒရုန်းဗုံးထိပြီး သေဆုံးသွားကြောင်း ဖယ်ခုံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အရှေ့ခြမ်းက ဆောင်နန်းခဲရွာမှာ စစ်ကောင်စီနဲ့ PNO/ PNA ပြည်သူ့စစ်အဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားနေချိန် ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း PNA တပ်ခွဲမှူး နောင့်စိုင်း ဆိုသူ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ PNA တပ်ခွဲမှူးဟာ ဖယ်ခုံမြို့ကိုမီးရှို့ပစ်မယ့်အကြောင်း ကြွေးကြော်ထားခဲ့သလို ရှမ်းတောင် ဒေသက ဘုရားတောင်၊ ရေပူနဲ့ ဆောင်းနန်းခဲ ကျေးရွာတွေကို မီးရှို့ရာမှာ အဓိက တာဝန်ရှိသူဖြစ်တယ်လို့လည်း ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“သူက အာကျယ်အာကျယ်နဲ့ အာဏာပြတက်တယ်။ အခြားလူမျိုးမှမဟုတ်ဘူး။ ပအို့ဝ်လူမျိုးအချင်းချင်းကြားလည်းဒုက္ခပေးတယ်။ တော်လှန်ရေးနဲ့ပက်သက်ပြီး ​ပြောလို့မရတဲ့ကိစ္စတော်တော်များများကို သူလုပ်ထားတယ်။ အမြတ်ထုတ်စားနေတဲ့လူပေါ့။ သူအဖေကလည်း PNO ပဲ။ အဲ့တာ ၂၀၂၂တော်လှန်ရေးအစ PDF တွေတူမီးပဲကိုင်ရသေးတယ်။ တိုက်ပွဲမှာသေသွားတယ်။ အဲ့တော့ သူ့အဖေအတွက် လက်စားချေမယ်ဆိုပြီး ဖယ်ခုံကိုသိမ်းပြီးသွားရင်အိမ်သာပါမချန် မီးရှို့မယ်လို့ကြုံးဝါးထားတဲ့သူပေါ့။”လို့ ဖယ်ခုံဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
PNA တပ်ခွဲမှူးဟာ ဆောင်နန်းခဲရွာတိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်းကိုလည်း ရှမ်းတောင်စစ်ဒေသ ၊ ဗျူဟာ ၁၄ ကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။
ဇွန်လ အစပိုင်းကစလို့ ရှမ်းတောင်-ကရင်နီနယ်စပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ ​PNO/PNA ပြည်သူ့စစ်အဖွဲ့တွေက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။
ဖယ်ခုံမြို့အရှေ့ခြမ်း၊ ဆောင်နန်းခဲကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီနဲ့ PNO/PNA ပြည်သူ့စစ်တွေက အရပ်သားနေအိမ်တွေကို မီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်းခိုးယူတာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာလို့လည်း သိရပါတယ်။
ပုံစာ – သေဆုံးသွားသည့် PNA တပ်ခွဲမှူး နောင့်စိုင်း