မတရားအကျဉ်းကျခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခံစားနေရသည့် ရောဂါများကို ဆေးမီးတိုဖြင့်သာ ကုသနေရ

by

in

မတရားအကျဉ်းကျခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခံစားနေရသည့် ရောဂါများကို ဆေးမီးတိုဖြင့်သာ ကုသနေရ
28 June 2025 By MPA

စစ်ကောင်စီက မတရားဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခံစားနေရသည့် ရောဂါများကို ဆေးမီးတိုဖြင့်သာ ကုသနေရကြောင်း Myanmar Prison Witness က ယနေ့(ဇွန် ၂၈ရက်)တွင် ထုတ်ပြန်ထားသည်။
လက်ရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်နှင့် ၁၄ မိုင်အကွာ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်သည့်နေရာတွင် လုံခြုံရေးတင်းကျပ်စွာဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရပြီး ချုပ်နှောင်ထားသည့်နေရာကိုလည်း ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူမှ တာဝန်ယူထားကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ မင်းအောင်လှိုင်ရုံးထိုင်သည့်တည်နေရာနှင့် မကွာဝေးလှသည့်နေရာတစ်ခုဖြစ်သည့် ကစထ(၆) တွင် မတရားအကျဉ်းချထားပြီး အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်သည့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်မရရှိဘဲ အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် သွားနှင့် ပတ်သက်သည့်ဝေဒနာ၊ နှလုံးနှင့် ပတ်သက်သည့် ဝေဒနာနှင့် အသက်အရွယ်အရ သက်ကြီးပိုင်းတွင် ဖြစ်လေ့ရှိသည့် ကျန်းမာရေးဝေဒနာများ ခံစားနေရသော်လည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျ ကုသခွင့်မရှိဘဲ ဆေးမီးတိုနည်းဖြင့် စစ်ကောင်စီခွင့်ပြုထားသည့် ဆရာဝန်နှင့် ဆေးမှူးများမှ တဆင့်သာ ကုသခွင့်ရနေကြောင်း Myanmar Prison Witness က ဆိုသည်။
ထို့ပြင် ထောင်ဝင်စာဧည့်တွေ့ခွင့်သည် အကျဉ်းသားတိုင်းရရှိမည့် အခွင့်အရေးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်များနှင့် ထောင်ဝင်စာဧည့်တွေ့ခွင့်မပေးခြင်း၊ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတစ်ခုပင်ဖြစ်သည်ဟု ထောက်ပြထားသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ်အထိချမှတ်ခဲ့သည့် ဇဗ္ဗူသီရိ မြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်၊ ဒဏ္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်၊ မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီး ဦးမြင့်သန်းနှင့် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေတို့သည် နောက်ဆက်တွဲကိစ္စရပ်များတွင် တာဝန်ခံရမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဆက်လက်ပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်၊ ကစထ(၆) မှူးများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အကျဉ်းသီးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဇော်ဝင်း၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မျိုးဆွေ၊ နေပြည်တော်အချုပ်ထောင်ပိုင် ဦးသိန်းဇော်မောင်၊ ဒုထောင်ပိုင် ဦးကျော်သူရ၊ ဦးစီးအရာရှိ ဦးအောင်သန်းမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်မင်းထိုက်၊ ဦးစီးအရာရှိ သိင်္ဂီမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး မေသူအောင်တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးခံထားရမှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲကိစ္စများကို တာဝန်ခံရမည်သူများဖြစ်သည်ဟုလည်း Myanmar Prison Witness က ဖော်ပြထားသည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၉ ခုဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့သော်လည်း ၂၀၂၃ခုနှစ် ဩဂုတ် တစ်ရက်တွင် သဘာ၀ဘေးပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရဆဲဖြစ်သည်။
မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနှင့် စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းများက ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများပြုလုပ်ရန် MPW က တောင်းဆိုထားသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ချက်ချင်းလွှတ်ပေးရေးအတွက် နိုင်ငံတကာ ခေါင်းဆောင်များက စုပေါင်းတောင်းဆိုချက်ထုတ်ပြန်ရန်၊ စစ်ကောင်စီအပေါ် သံတမန်ရေး ဖိအားပေးခြင်းအပြင် နိုင်ငံပြင်ပသွားလာမှုများကို ကန့်သတ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်သော လူ့အခွင့်အရေးအဖွဲ့များနှင့် ICRC က ချက်ချင်းသွားရောက် စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန် MPW က တိုက်တွန်းထားသည်။
#DASSK #AungSanSuuKyi #politics #health #MPA #Myanmar