မှော်ဘီမြို့မရဲစခန်း ဗုံးခွဲ တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိဟုဆို
YT
မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းနှင့် အောက်မင်္ဂလာဒုံလမ်းမကြီးထောင့်ရှိ မှော်ဘီမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ထံက သိရသည်။
ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၁၀ နာရီ ၂၅ မိနစ်ခန့်က မှော်ဘီမြို့မရဲစခန်းအား အဝေးထိန်းမိုင်းနှစ်လုံးတွင် လက်ပစ်ဗုံးကပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းမှ ရဲတဦး ထိခိုက်မှုရှိကြောင်း YA မှ တာဝန်ရှိသူတဦးက ပြောသည်။
“ တိုက်ခိုက်တဲ့အချိန် ရဲတကောင်ထိသွားတာတွေ့တယ်။ ဖြစ်ပြီးနာရီဝက်အကျော်လောက်မှာ လမ်းတွေပိတ်စစ်ဆေးမူတွေ လုပ်နေကြအတိုင်း ပုံမှန်လုပ်တယ်။ အခုမနက်သွားကြည့်တော့ ဘာမှမဖြစ်ခဲ့သလို သရုပ်ဆောင်ထားပါတယ်” ဟု Yangon Army (YA) တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
တိုက်ခိုက်မှုအပြီးတွင်လည်း စစ်ကောင်စီဘက်က လမ်းပေါ်များတွင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မှော်ဘီရဲစခန်းသည် တော်လှန်ရေးအင်အားစုများ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည့် ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီအထိုင်ချရာ စစ်ရေးပစ်မှတ်တခုဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို Operation Flame (OF) အဖွဲ့က အဝေးထိန်းမိုင်း အသုံးပြုပြီး တကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၁ ရက် ညပိုင်းကလည်း မှော်ဘီမြို့မရဲစခန်းကို ‘ဒေါင်းအလံလွှင့်’ စစ်ဆင်ရေးအမည်ဖြင့် မှော်ဘီအခြေစိုက် Guardians UG အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းရှိသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ဓါတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြပြည်သူများအား စစ်ကောင်စီနှင့် ရဲများက ဖြိုခွင်းစဉ် (ဓါတ်ပုံ- AFP)
မှော်ဘီမြို့မရဲစခန်းအား တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၂၈
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က ယမန့်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ယမန့်နေ့ည ဆယ်နာရီခွဲခန့်တွင် ရန်ကုန်မြို့ပြပျောက်ကြားရဲဘော်များက မှော်ဘီမြို့မရဲစခန်းမှ ရဲများကို အဝေးထိန်းမိုင်းနှစ်လုံးတွင် ဗုံးတပ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Yangon Army ဘက်က အခုလို ဆိုပါတယ်။
“ တိုက်ခိုက်ခဲ့တဲ့အချိန် ရဲတစ်ယောက် ထိသွားတယ်၊ ဖြစ်ပြီး နာရီဝတ်အကျော်လောက်မှာ လမ်းတွေ ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်နေကြတယ်၊ အခုမနက်သွားကြည့်တော့ ဘာမှမဖြစ်ခဲ့သလို သရုပ်ဆောင်နေကြတယ်”
အဆိုပါတိုက်ခိုက်မှုကို Yangon Army နှင့်အတူ အနောက်ပိုင်းခရိုင်ပကဖကတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Photo – ပေးပို့