◼️ပုလောမြို့နယ် စစ်တပ်လက်ပါးစေ ပျူစခန်းကို PDF နဲ့ ပူးပေါင်းတပ် ၁၅ မိနစ်အတွင်း စီးနင်းသိမ်းပိုက်
🔹စကစအလောင်း ၃ လောင်း၊ လက်နက် ၅ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ
၂၇ ဇွန် ||| နွေဦးအသံ |||
တနင်္သာရီဒေသ၊ ပုလောမြို့နယ်၊ ကျောက္ကာရွာရှိ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂၇ ရက်၊ မနက် ၅ နာရီခွဲခန့်မှာ စီးနင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက္ကာကျေးရွာရှိ စကစလက်ပါးစေ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်ရာ ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး ပျူစောထီးတွေ ကရောသောပါး ထွက်ပြေးသွားကြောင်းနဲ့ စကစတပ်ဖွဲ့ဝင် အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
M16A1 ရိုင်ဖယ် (၄) လက်၊ ကျည်ဘောက် (၂) ခု၊ AK-47 ရိုင်ဖယ် (၁) လက်၊ ကျည်ဘောက် (၄) ခု၊ (၅.၅၆) ကျည် (၁ဝဝဝ) တောင့်၊ (၇.၆၂) ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံးနဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။