ပြည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၂ အဆင့်ရှိ ငလျင် ယနေ့ နံနက် လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်း မန္တလေးမြို့ အနီးသို့ ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြည်သူများ ထိတ်လန့် (ရုပ်/သံ)

by

in

ပြည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၂ အဆင့်ရှိ ငလျင် ယနေ့ နံနက် လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်း မန္တလေးမြို့ အနီးသို့ ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြည်သူများ ထိတ်လန့် (ရုပ်/သံ)
ရန်ကုန်၊ ဇွန် ၂၃

ပဲခူးတိုင်း၊ ပြည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၂ အဆင့်ရှိ ငလျင် ယနေ့ နံနက်ပိုင်း လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၂ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်မြို့၏တောင်-အရှေ့ တောင်ဘက် ၅၅ ကီ လိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၄၂ မိနစ်အချိန်ကလည်း မန္တလေး မြို့၊ ပုသိမ်ကြီးမြို့ အနီး အရှေ့- အရှေ့မြောက်ဘက် ၇ မိုင်ခန့် အကွာကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မန္တလေးမြို့ပေါ်မှ ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း သိရှိရသည်။
“မန္တလေးမှာ မနေ့မနက်က လှုပ်ခတ်တဲ့ ငလျင်ကတော့ အသံကြီးနဲ့ကို လှုပ်တာပါ။ မနက် ၄ နာရီဆိုတော့အကုန် လန့်နိုးကြတယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇွန်လ ၂၂ ရက်နေ့၊ ညနေ ၅ နာရီ၊ ၅၃ မိနစ် အချိန် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီ ၁၉ မိနစ်အချိန်ကလည်း နေပြည်တော် သာ၀တ္တိမြို့၏ အရှေ့ဘက် ၃၁ မိုင်အကွာကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၂ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းမြိုအနီးသို့ ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ယနေ့အချိန်အထိ နောက်ဆက်တွဲ ငလျင်ငယ်များနှင့် အခြားငလျင်များ စုစုပေါင်း အကြိမ် ၂၀၀ နီးပါး မြန်မာနိုင်ငံအတွင်းတွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။
ဗီဒီယို- ယမန်နေ့ နံနက် ၄ နာရီ ၄၂ မိနစ်အချိန် မန္တလေးမြို့အနီးသို့ ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ငယ် CCTV မှတ်တမ်းဗီဒီယို။