နေပြည်တော်၊ MRTV ဝန်ထမ်း မနှင်းယဉ်ဖြူကို ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းမှုနှင့် ပန်းသပိတ် ပါဝင်ခဲ့မှုဖြင့် စစ်ကောင်စီက ဖမ်းဆီး
ရန်ကုန်၊ ဇွန် ၂၃
နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ MRTV ဝန်ထမ်း မနှင်းယဉ်ဖြူကို ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းပြီး ပန်းသပိတ် ပါဝင်ခဲ့မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း MRTV ဝန်ထမ်းအသိုင်း အဝိုင်းနှင့် စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ဇွန်လ ၁၉ ရက်နေ့ ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ အဖြစ် ပန်းသပိတ်တွင် MRTV ဝန်ထမ်း မနှင်းယဉ်ဖြူ (ခ) နှောင်းနှောင်းက ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းအဖြစ် လူမှုကွန်ရက်တွင် ” Happy Birthday အမေစု၊ အသက်ရှည် အနာမဲ့ပါစေ၊ ဘ၀ဆက်တိုင်း ချစ်သော သူများနဲ့ ကွေကွင်းရခြင်း ဒုက္ခမှ ဝေးပါစေ၊ သူတော်ကောင်းများနဲ့သာ ကြုံဆုံတွေ့ပါစေ” ဟု ရေးသားခဲ့ကြောင်း၊ ထို့ပြင် ပန်းသပိတ် ပါဝင်မှုအဖြစ် ပန်းပန်သော ဓာတ်ပုံများကိုလည်း လူမှုကွန်ရက်တွင် မျှဝေ ပို့စ်တင်ခဲ့ကြောင်း သိရှိရသည်။
“သူက ပန်းသပိတ်ပါဝင်တာရယ်၊ အမေစု မွေးနေ့ ဆုတောင်းပေးတာကို သူ့ဖေ့ဘုတ်စ်မှာတင်တယ်။ အဲဒါကို Snow Queen စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်ကနေ ဖမ်းပေးပါဆိုပြီး တင်တယ်။ ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်တပ်နဲ့ သူ့ကို ဝင်ဖမ်းတာ” ဟု MRTV ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
ဖမ်းဆီးခံရချိန်တွင် MRTV ဝန်ထမ်း မနှင်းယဉ်ဖြူသည် နေပြည်တော်၊ တပ်ကုန်းရှိ MRTV ဝန်ထမ်းအိမ်ရာတွင် ရှိနေချိန်ဖြစ်ကြောင်း၊ တယ်လီဂရမ်ချန်နယ်များက သူမကို ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ချိန် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းပို့စ်ကို ပြန်လည် ဖျက်ခဲ့သော်လည်း အချိန်မမီတော့ဘဲ ဖမ်းဆီးခံလိုက်ရကြောင်း၊ သူမ အသုံးပြုနေသော ဖေ့ဘုတ်စ်အကောင့်များနှင့် ဖုန်းများအားလုံးကိုလည်း စစ်တပ်နှင့်ရဲများက သိမ်းဆည်းသွားကြောင်း သိရှိရသည်။
ယနေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့သော “AUGUST HNIN(နှင်းယဉ်ဖြူ)” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းအိမ်ရာနေ နှင်းယဉ်ဖြူ(ခ)နှောင်းနှောင်းကို ဇွန်လ ၂၁ ရက်နေ့ ညပိုင်း ဖမ်းဆီးကြောင်း သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ပန်းသပိတ်တွင်ပါဝင်သော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသားများကို ဖမ်းဆီးရန်အတွက် လှုံ့ဆော်မှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
