စစ်တပ် စစ်ကူစစ်ကြောင်း ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ခိုက်ခံရ

by

in

စစ်တပ် စစ်ကူစစ်ကြောင်း ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ခိုက်ခံရ
ဇွန် – ၂၂ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်အတွင်းက အောင်ဇေယျ စစ်ကြောင်းဆီ စစ်ကူပေးဖို့ ကျုံဒိုးမြို့က တက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကျုံဒိုး – ကော့ကရိတ် လမ်းပိုင်းမှာ မွန် – ကရင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဟာ ဇွန်လ ၁၉ ရက်က ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ၇ တိုင် ရွာအနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး ၇ နာရီကျော်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ MLA က အသိပေးပါတယ်။
စစ်ကောင်စီတပ်ဘက်က တပ်မ (၄၄) နဲ့ တပ်မ (၅၅) လက်အောက်ခံ တပ်တွေပါဝင်ပြီး တပ်ရင်းမှုးအပါအဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရသလို ၃၀ ထက်မနည်းသေဆုံးတယ်လို့ MLA ကဆိုထားပါတယ်။
စစ်တပ်ရဲ့ အကျအဆုံး နဲ့ပတ်သက်ပြီး People’s Spring အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပြီးနောက် န​ယ်မြေရှင်းလင်းချိန်မှာ လက်နက်ခဲယမ်း နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိပြီး တိုက်ပွဲ ကြောင့် လူထု ထိခိုက်သေဆုံးမှု မရှိဘူးလို့လည်း MLA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့ဆီ စစ်ကြောင်းထိုးနေတာကြောင့် အနီးတဝိုက်ကျေးရွာတွေက ဒေသခံတွေအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကို သတိပြုနေထိုင်ကြဖို့လည်း MLA က တိုက်တွန်းထားပါတယ်။
ကျုံဒိုးမြို့ အသိမ်းမခံရရေးနဲ့ ၁၉ မိုင်ခန့်ရှည်လျားတဲ့ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့တဖက်ကမ်း ဘားအံမြို့နယ် ၊ ဂျိုင်းရွာအုပ်စု ရိုးမဟာကျေးရွာမှာ အင်အားစုဖွဲ့ပြီး မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ ကြိုးပမ်းခဲ့ပါတယ်။
ကျုံဒိုးမြို့ပေါ်မှာတော့ အမှတ် (၅၄၅) ခြေမြန်တပ်ရင်း ၊ အမှတ် ( ၅၄၆) ခြေမြန်တပ်ရင်းနဲ့ ဗျုဟာ စခန်းကုန်း ရှိပါတယ်။
အဲဒီတပ်ရင်းတွေဟာ ကော့ကရိတ်မြို့အခြေစိုက် အမှတ် (၁၂) စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တိုက်ခိုက်ရေးတပ်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန် ကာလအတွင်း ကျုံဒိုးမြို့အနီးဝန်းကျင်နဲ့ ကျုံးဒိုး – ကော့ကရိတ် လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တပ်ဖွဲ့ဝင်တွေကို တွေ့ရပုံ
ဓာတ်ပုံ – MLA/FB