ရန်ကုန်-ပြည်လမ်းတိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးရာထူးတိုးပေး၊ သေဆုံးသူ စစ်အရာရှိကြီး ၄ ဦးအထိတိုးလာ

by

in

ရန်ကုန်-ပြည်လမ်းတိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးရာထူးတိုးပေး၊ သေဆုံးသူ စစ်အရာရှိကြီး ၄ ဦးအထိတိုးလာ
ရန်ကုန်၊ ဇွန် ၂၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်တိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး သေဆုံးချိန်တွင် ဒုတိယဗိုလ်မှူးကြီးကို စစ်ကောင်စီက ရာထူးတိုးပေးလိုက်ကြောင်း သိရှိရသည်။
ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း ၊ အုတ်ဖို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ဖြိုးမင်းဦး ၊သာယာ၀တီခရိုင် ခရိုင် ဒုတိယ ရဲမှူးကြီး စိုးခိုင်တို့ကဲ့သို့သော စစ်အရာရှိကြီး ၃ ဦးနှင့်အတူ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးရန်နိုင်အောင်ပါ သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ဒုတိယဗိုလ်မှူးကြီး ရန်နိုင်အောင်သည် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး စစ်အင်ဂျင်နီယာတပ်မှဖြစ်ကြောင်း၊ အလားတူ သေဆုံးခဲ့သော သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်းမှာလည်း တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပတ်စဉ် ၇ မှ ဖြစ်ကြောင်း၊ သေဆုံးခဲ့သော အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးဖြိုးမင်းဦးမှာလည်း တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပတ်စဉ် ၁၁ မှဖြစ်ကြောင်း သိရှိရသည်။
သေဆုံးခဲ့သော ဒုတိယဗိုလ်မှူးကြီး ရန်နိုင်အောင်၏ နာရေးရက်လည်ကို ယနေ့ မင်းလှမြို့နယ် ထွေ/အုပ်ရုံးတွင် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးချိန်တွင် ဒုတိယဗိုလ်မှူးကြီး ရန်နိုင်အောင်မှာ အသက် ၄၂ နှစ်ရှိနေပြီဖြစ်ကာ ဇနီးနှင့် သား ၁ ဦးကျန်ရစ်ကြောင်း သိရှိရသည်။
ဇွန်လ ၁၆ ရက်နေ့ ဖြစ်ပွားခဲ့သော မင်းလှမြို့နယ်၊ အုတ်တွင်းရွာ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် တိုက်ပွဲတွင် စစ်အရာရှိကြီး ၄ ဦး အပါအဝင် စစ်တပ်ဘက်မှ စစ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။