မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံး လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ ရောင်နီ

by

in

မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံး လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ
ရောင်နီ

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံးကို လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA)တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းဂုံးတံတားအောက်တွင် တည်ရှိသည့် စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံးကို ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) ည ၈နာရီ ၂၇ မိနစ်တွင် လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခြင်းဟုဆိုသည်။
“ ယာဉ်ထိန်းရုံးအထဲကို ပစ်ထည့်ခဲ့တာပါ။ ရုံးထဲမှာ စစ်သားရော ရဲရော အကုန်ရှိပါတယ်။ ပစ်ပြီးပြီးချင်း အထဲကနေ မီးခိုးတွေ အူထွက်လာတာ တွေ့ခဲ့ရတယ်။” ဟု YUPA တာဝန်ရှိသူက ပြောသည်။
ထိခိုက်မှုအခြေအနေကို စုံစမ်းနေပြီး တိုက်ခိုက်ခဲ့သည့်အချိန်တွင် ယာဉ်ထိန်းရုံးအတွင်းမှ ဆဲဆို အော်ဟစ်သံများ ကြားခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းများပိတ်၍ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ ကျန်တော်တို့ UG တွေဆိုတာ ပြည်သူ့ဘက်ကရပ်တည်နေမှာပါ။ အဲ့ဒါကြောင့် UG တွေအားလုံးကို ပစ်မထားကြဖို့နဲ့ တက်နိုင်တဲ့ဘက်မှ ကူညီပေးကြရန် “ YUPA တာဝန်ရှိသူက တိုက်တွန်းသည်။
လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်မှုအခြေအနေနှင့် ထိခိုက်မှုအသေးစိတ်ကို သိရှိနိုင်ရန် မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon UG People Army (YUPA)နှင့် မဟာမိတ်ဖြစ်သည့် မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံးကို ယခင်ကလည်း ရန်ကုန်မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ဖောက်ခွဲတိုက်ခိုက်မှု၊ သပိတ်အင်အားစုများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ် ပြန်တွေ့လာရသည်။
စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ် ဘုန်းကြီးလမ်း မီးပွိုင့်အနီးတွင် ဗုံးတွေ့သည့်အတွက် စစ်ကောင်စီတပ်က ဖောက်ခွဲခဲ့သလို စက်တင်ဘာလ ၄ ရက် ညပိုင်းကလည်း မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်။
ထို့အပြင် စက်တင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် သပိတ်အင်အားစုများက ရန်ကုန်မြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကလောင်နီလှုပ်ရှားမှုနှင့် တရုတ်အလံကို မီးရှို့ပြီး ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ထားကြသည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း – မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာအား Google Map တွင် တွေ့ရစဉ်။