ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဟု Suu Foundation က သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်အခြေအနေ မည်သူမှ သိခွင့်မရဖြစ်နေဟု NUG မှတ်ချက်ပြု
ရန်ကုန်၊ ဇွန် ၁၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက အကျဉ်းချထားစဉ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး၏ ဒဏ်ကြောင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း Suu Foundation က ယမန်နေ့ သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ၎င်းကို အကျဉ်းချထားသည့် ထောင်အဆောက်အအုံ ပျက်စီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း ၊ လျှို့ဝှက်ထားရှိခံနေရသည့် အခြေအနေက ထောင်တွင်းသေဆုံးနိုင်သည်ဟု စိုးရိမ်မိကြောင်း ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သည့် François Zimeray နှင့် Catalina de la Sota တို့က “သူမက ထောင်တွင်းမှာ သေဆုံးနိုင်သည်ဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ ပြင်းပြင်းထန်ထန် စိုးရိမ်နေပါတယ်။ သူမရဲ့ အသက်အရွယ်နဲ့ ၂၀၂၁ နောက်ပိုင်းမှ စ၍ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ထူးခြားလျှို့ဝှက်တဲ့ အခြေအနေတွေကို တွေးကြည့်ရင် သူမ၏ ဒဏ်ရာအခြေအနေက ပြင်းထန်နိုင်တဲ့အတွက် များစွာစိုးရိမ်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုထားသည်။
Suu Foundation က ယနေ့ အသက် ၈၀ ပြည့်ပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထားရှိသည်ကို ဆက်လက် ဖုံးကွယ်ထားသဖြင့် စိုးရိမ်စရာအခြေအနေဖြစ်ပြီး သူမ၏ အခြေအနေကို မည်သူမှ သိခွင့်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
“ဂါးဒီးယန်းမှာ ထွက်လာတဲ့ ဗီဒီယိုဆိုရင် ၂၀၂၂ ကတည်းက ရိုက်ထားတဲ့ ဗီဒီယိုလို့ ပြောလို့ရတယ်။ အခုဆိုရင် ၃ နှစ်ရှိပြီ အန်တီရဲ့ အရိပ်အရောင်၊ အန်တီရဲ့ ဓာတ်ပုံ ၊ အန်တီရဲ့ ဗီဒီယို၊ အန်တီရဲ့ အသံ ဒါတွေကို ပြည်သူတွေအနေနဲ့ ရော ဘယ်သူမှ တိတိပပ ကြားရတယ် မြင်ရတယ်ဆိုတာ ဘာတစ်ခုမှ မရှိခဲ့ဘူး။ ဒါက ကျနော်တို့ရဲ့ လူထုခေါင်း ဆောင် နိုင်ငံတော် အတိုင်ပင်ခံအတွက် အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်တယ်လို့ ပြောချင်တယ်။ ပြီးခဲ့တဲ့ကာလတွေမှာ ငလျင်အင်အား အပြင်းအထန်နဲ့ ငလျင်ကြီးလည်း လှုပ်ခဲ့တာရှိတော့ ထောင်တွေမှာလည်း ပြိုကျပျက်စီးမှုတွေ ရှိတာ သိရတဲ့အတွက်ကြောင့်မို့လို့ ဒီအနေအထားတစ်ခုမှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ ကိစ္စကလည်း အမှန်အတိုင်းပြောရရင် ဘယ်သူမှ မသိနိုင်ပါဘူး။ ထောင်ဝင်စာကို ပုံမှန်လက်ခံနေတယ်။ ထောင်ဝင်စာပို့တဲ့သူက အရင်နေရာတွေမှာပဲ ပို့တယ်။ ဒါမျိုးသတင်းတွေတော့ ရရှိတာရှိပေမယ့် ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရ၊ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရ ထောင်ဝင်စာပို့တဲ့သူတွေကလည်း ဒီအတိုင်းပဲ အထုပ်လေး သွားပို့လိုက်ရတယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်နေတာ့ ဒါက မဖြစ်သင့်မဖြစ်ထိုက်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အဖြစ်မှန်က ဘာလဲဆိုတာကို ဘယ်သူမှ သိခွင့် မပိုင်တဲ့ အနေအထားကိုတော့ အမြန်ဆုံး အဆုံးသတ်သင့်ပြီလို့ ပြောချင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသွားသည်။
