◾သံတွဲဒေသတစ်ခုလုံးကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ် ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်တင်းနေ ◾နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်

by

in

◾သံတွဲဒေသတစ်ခုလုံးကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ် ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်တင်းနေ
◾နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်
CJ Platform

ရခိုင်ပြည်(တောင်ပိုင်း)၊ သံတွဲမြို့ရဲ့ နောက်ဆုံးလက်ကျန် မောင်ရွှေလေးနဲ့ ကွင်းဝိုင်းရွာကြားက ပင်မဆက်သွယ်ရေးနဲ့ ရေငုပ်တပ်ကို အာရက္ခတပ်တော်(AA)က ဒီကနေ့ မနက်ပိုင်းမှာပဲ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တာကြောင့် သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်ရရှိသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က ပြန်လည်ရယူနိုင်ဖို့ လူအင်အားဖြည့်တင်းနေပြီး ထိုးစစ်ပြန်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ရေတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ သံတွဲမြို့ကို ပစ်ခတ်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ရေတပ်လည်းကျသွားပြီ။ သံတွဲကို AA ရသွားပြီ။ စစ်တပ်ဘက်ကတော့ နေဗီတွေကနေ ဆက်ပစ်နေတုန်းပဲ။ သူတို့ပြန်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်ပြီး ကမ်းတက်ဖို့ကြိုးစားနေတာရှိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
သံတွဲတိုက်ပွဲဟာ ရေတပ်စခန်းပါရှိတဲ့အတွက် ခက်ခက်ခဲခဲတိုက်ယူခဲ့ရပြီး AA တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးမှုရှိခဲ့တယ်လို့ AA နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သံတွဲက တခြားမြို့နယ်တွေနဲ့မတူဘူး။ လေဆိပ်ရော၊ ရေတပ်ရောရှိနေတာ အထူးသဖြင့် ရေတပ်စခန်းကို အတော်လေးတိုက်ယူခဲ့ရတယ်။ AA တပ်ဖွဲ့တွေလည်း သေဆုံးမှုတွေရှိတယ်။ ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့လို့လည်း မြို့ကို အပြီးသိမ်းပိုက်နိုင်ခဲ့တာပါ” လို့ ၎င်းက ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်မှ သံတွဲမြို့ကို လေကြောင်းနဲ့ ဗုံးကြဲနေသလို နေဗီတွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
သံတွဲမြို့သိမ်းပိုက်မှုနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ အာရက္ခတပ်တော်ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ကမ္ဘာကျော် ငပလီကမ်းခြေအပါအဝင် မဇင်လေဆိပ်၊ မောင်ရွှေလေးရေတပ်တို့ တည်ရှိနေတဲ့ သံတွဲမြို့နယ်ကို ဧပြီလ ၂၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး လေးလကျော်ကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် AA ဟာ ရေတပ်စခန်းနဲ့ လေဆိပ်တို့ကို သိမ်းနိုင်တဲ့ ပထမဆုံးလက်နက်ကိုင်အဖွဲ့အဖြစ် သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
မြို့နယ် ၁၇ ခုရှိတဲ့ ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခုအခါ မြို့နယ် ၁၁ ခုကို သိမ်းပိုက်ရရှိထားသလို ချင်းပြည် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည် မြို့တော် စစ်တွေအပါအဝင် မောင်တောမြို့နယ်နဲ့ ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
🖋သုတ
ဓာတ်ပုံ- AA Info Desk