မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ပိုင် လေယာဉ်အတွက် လေယာဉ်ထိန်းပေးနေတဲ့ 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော်

by

in

မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ပိုင် လေယာဉ်အတွက် လေယာဉ်ထိန်းပေးနေတဲ့ 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော်
By ရန်ကုန်ခေတ်သစ်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူနဲ့ သူ့မိသားစု စီးနင်းနေတဲ့ လေယာဉ်ကို ငှားရမ်းအသုံးပြုနေရာကနေ အပြတ် ဝယ်ယူလိုက်ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးနဲ့ ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။
အဲဒီလေယာဉ် ဝယ်ယူမှုမှာ အဓိက အမည်ခံပေးတာ၊ လေယာဉ်ကို နိုင်ငံတကာလေပိုင်နက်မှာ အရပ်ဘက် လေယာဉ်အဖြစ် ပျံသန်းခွင့်ရှိအောင် လုပ်ဆောင်ပေးတာ၊ လေယာဉ်ကို ထိန်းသိမ်းပေးနေသူ တစ်ဦးရှိပါတယ်။
မင်းအောင်လှိုင်နဲ့ မိသားစု အသုံးပြုဖို့ ဝယ်ယူလိုက်တဲ့ လေယာဉ်ကို MAI ခေါ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းက နာမည်ခံပေးတာလည်းဖြစ်ပါတယ်။
MAI ရဲ့ ပိုင်ရှင်ကတော့ မင်းအောင်လှိုင်ရဲ့ မြှောက်စားမှုနဲ့ ကြီးပွား လာနေတဲ့ စစ်တပ်ခရိုနီ 24 Hours ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ အောင်အောင်ဇော်ဖြစ်ပါတယ်။
မင်းအောင်လှိုင်မိသားစုအတွက် လေယာဉ် ဝယ်ယူပေးခြင်း
=======================================
မင်းအောင်လှိုင်က Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို အပိုင် ဝယ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်ပေးရသူက ခရိုနီ အောင်အောင်ဇော် ဖြစ်ပါတယ်။
လေယာဉ်ကို အပိုင်ဝယ်ဖို့ ညှိနှိုင်းပေးတာ၊ လေယာဉ် အာမခံရဖို့နဲ့ လေယာဉ်စီးလုံးဝယ်နိုင်အောင် ခရိုနီအောင်အောင်ဇော်နဲ့ သူပိုင်ဆိုင်တဲ့ MAI က အဓိက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းအရောင်းအဝယ် မှတ်တမ်းနဲ့ စာချုပ်စာတမ်းတွေမှာ လက်မှတ်ထိုးတာကလည်း MAI က နာမည်ခံ လက်မှတ်ထိုးပေးတာဖြစ်ပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင် မိသားစုအတွက် ကိုယ်ပိုင်လေယာဉ်ရဲ့ အထွေထွေလိုအပ်ချက်တွေဖြစ်တဲ့ Pilot၊ Cabin Crew ၊ Ground Crew ၊ Engineering ၊ Maintenance နဲ့ Air Operator Certificate တွေအားလုံးကိုလည်း MAI က တာဝန်ယူပြီး စစ်ကောင်စီရဲ့ လေတပ်နဲ့ပါ ပူးပေါင်းထားလိုက်ပါတယ်။
၂၀၂၁ မတ်လပိုင်းမှစပြီး မင်းအောင်လှိုင် ရုရှား သွားနိုင်အောင် လေယာဉ် ခရီးစဉ် အစအဆုံးကို စီစဉ်ပေးခဲ့တာကလည်း အောင်အောင်ဇော်နဲ့ MAI ကဖြစ်ပြီး အခုအချိန်အထိလည်း ကူညီပေးနေပါတယ်။
အခုနောက်ဆုံး လေတပ်မှာ ဗုံးကျဲတော်တဲ့ စစ်အရာရှိ လေယာဉ်ပိုင်းလော့တွေကို လေယာဉ်မှူးကြီး သင်တန်းတွေ ပေးပြီး MAI မှာ အရပ်ဘက်လေယာဉ်မှူး လစာလည်း စား၊ စစ်တပ်က လစာလည်း စားတဲ့ နှစ်သီးစား လေယာဉ်မှူးတွေအဖြစ် အောင်အောင်ဇော်က လက်ခံ ခန့်ထားပေးနေတာပါ။
စစ်တပ်ကြောင့် ခရိုနီ ဖြစ်လာတဲ့ အောင်အောင်ဇော်က စစ်တပ်နဲ့ မင်းအောင်လှိုင်အတွက် အဓိက ဒေါက်တိုင် လူယုံ စီးပွားရေး သမားတစ်ဦးလည်းဖြစ်ပါတယ်။
အောင်အောင်ဇော်၏ ခရိုနီ ဖြစ်ခဲ့ရာလမ်း
=========================
အကြမ်းဖက် မင်းအောင်လှိုင် အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်းမှာ မြန်မာ့စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ စစ်တပ်နဲ့ ကြည်ဖြူ အဆင်ပြေသူတွေ လက်ထဲကို အလုံးအရင်းနဲ့ကို ရောက်ရှိနေပါတယ်။ ထိပ်တန်း အချမ်းသာဆုံးပုဂ္ဂိုလ်က မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ ဖြစ်ပြီး အဲဒီနောက်မှာတော့ ခရိုနီလက်သစ်တွေ တဖြည်းဖြည်း ပေါ်လာနေပါတယ်။
ဒီအထဲမှာ 24 Hours ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့ အောင်အောင်ဇော် လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ 24 Hours ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က အာဏာရှင် သန်းရွှေ စစ်တပ်ကြီးစိုးနေတဲ့ ကာလဖြစ်ပြီး စစ်တပ်နဲ့နီးစပ်သူတွေ အကူအညီနဲ့ပဲ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေးအတွက် သုတေသနနဲ့စစ်တမ်း လုပ်ပေးခြင်း ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းစတင်ခဲ့တာပါ။
စတင်လုပ်ကိုင်ချိန်ကတည်းက သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့်တွေ အဓိက အကြီးအကျယ်လုပ်ကိုင်ခဲ့တာမို့ စစ်တပ်ရဲ့ ပံ့ပိုးမှု လုပ်ခွင့်ပေးမှုတွေကြောင့် ဒီလုပ်ငန်းတွေရရှိခဲ့တာဖြစ်ပါတယ်။
သူကုမ္ပဏီရဲ့မှတ်တမ်းတွေနဲ့ ထင်သာမြင်သာ ဖြစ်မှုတွေကို ကြည့်ရင် အချိန်တိုကာလတစ်ခုအတွင်းမှာ လုပ်ငန်းတွေဟာ တရှိန်ထိုးကြီးပွားနေတာ မြင်ရပါတယ်။ ၂၀၀၅ ခုနှစ် ကျောက်မီးသွေး၊ ရွှေနဲ့ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေး လုပ်ငန်းတွေ အများအပြား လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆီအုန်းစိုက်ပျိုးဧက ၅၀၀၀ နဲ့ တနင်္သာရီ တိုင်းမှာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၆၀ ထုတ်လုပ်မယ့် လျှပ်စစ်ထုတ်လုပ်ရေး ပရောဂျက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။
စစ်တွေမှာ ကစ္စပနဒီကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်း၊ ဘိလပ်မြေစီမံစက်ရုံစီမံကိန်း ၊ ဟဲဟိုး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတွေကို ဆက်လက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။
မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိပါတယ်။
သူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို တစ်ခုချင်းစီအလိုက် ခွဲခြမ်းကြည့်ရအောင်ပါ။
လောင်စာဆီနှင့်စွမ်းအင်ကဏ္ဍ
==================
မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ အောင်အောင်ဇော်က 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ( 24 Petroleum Limited)ကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိတယ်လို့ ပြောခဲ့ပြီးပါပြီ။
အခုနောက်ဆုံး ရုရှားနဲ့ မြန်မာ လုပ်ကိုင်နေတဲ့ စွမ်းအင်ကဏ္ဍတွေမှာပါ အောင်အောင်ဇော်က ပါဝင်ခွင့်ရရှိထားပါတယ်။
ဒါ့အပြင် ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့အခြားနည်းပညာနဲ့ လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတွေကို အဲဒီရုရှားခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ကိုယ်တိုင် တက်မိန့်ခွန်းပြောခဲ့တဲ့ နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ဖို့ မင်းအောင်လှိုင်က အောင်အောင်ဇော်ကို လွှတ်ခဲ့ပါတယ်။
ရုရှားစက်သုံးဆီ တင်သွင်းဖြန့်ဖြူရောင်းချရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အောင်အောင်ဇော်ကဟာ ဆက်လက် ပါဝင်လျက်ရှိနေပါတယ်။ု
လက်ရှိမှာလည်း တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး မဂ္ဂါဝပ် ၆၆၀ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကိုလည်း ဆက်လက် လုပ်ကိုင်လျက်ရှိနေပါတယ်။
သတ္တူတူးဖော်ရေးလုပ်ငန်း
=======================
၂၀၀၅ ခုနှစ်မှာ အောင်အောင်ဇော်ရဲ့ ကုမ္ပဏီဟာ ရွှေ၊ ကျောက်မီးသွေး၊ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေးတွေကို စစ်ကိုင်း၊ တနင်္သာရီတိုင်းတွေမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ အခုမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှာ တစ်နေ့ကို တန် ၁၀၀၀၀ ထုတ်လုပ်နိုင်တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်နေပါတယ်။
ကျောက်မီးသွေးတွေ တူးဖော်ဖို့၊ တင်သွင်းဖို့လည်း အမြဲလိုလို ကြိုးစားနေပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်စက်ရုံတွေ မြောက်မြားစွာ ဆက်လက်ထူထောင်ဖို့လည်း စီမံကိန်းတွေ သူလုပ်ကိုင်နေပါတယ်။
ဆောက်လုပ်ရေးကဏ္ဍ
==================
လမ်းတံတားဖောက်လုပ်ရေး အကုန် သူလုပ်ကိုင်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာတော့ ရှမ်းပြည် နယ်၊ ဟဲဟိုးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နေတာရှိပါတယ်။ နောက်တစ်ခါ စစ်တွေမှာ ကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်းတွေကိုလည်း လုပ်ကိုင်နေပါတယ်။ မြို့ပြစီမံကိန်း ဖွံဖြိုးရေးနဲ့ ဟိုတယ်တည်ဆောက်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေပါတယ်။
စိုက်ပျိုးရေး
===========
ဆီအုန်းနဲ့ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းတွေကို အကြီးအကျယ်လုပ်ကိုင်နေပြီး တနင်္သာရီတိုင်းမှာ မြေဧက ၅၀၀၀ နဲ့ ဆီအုန်းထုတ်လုပ်ရေး စက်ရုံပါ တည်ဆောက်နေပါတယ်။ ပဲခူးတိုင်းဖြူးမြို့ နယ်မှာလည်း ဧက ၅၀၀ ကျွန်းပင်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။
စီးပွားရေးအင်ပါယာချဲ့ထွင်ခြင်း
=================
အောင်အောင်ဇော်ဟာ စစ်တပ်နဲ့ စစ်အာဏာရှင်ကို အဓိက ပံ့ပိုးနေတဲ့ ဒေါက်တိုင် ခရိုနီ စီးပွားရေး သမားဖြစ်ပါတယ်။ စစ်တပ်ကြောင့် ချမ်းသာလာသူဖြစ်တာမို့ စစ်တပ်ကိုပဲ အာဏာရ စေချင်တဲ့ ခေတ်ပျက် ခရိုနီတစ်ဦးဆိုရင် လည်းမမှားနိုင်ပါဘူး။ အောင်အောင်ဇော်ဟာ မင်းအောင် လှိုင် လက် ထက်မှာ ထိပ်တန်း ခရိုနီစီးပွားရေးသမား တစ်ဦးဆိုတာက မငြင်းနိုင်ပါဘူး။