နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ…
ဇွန် ၁၄ ၊ ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ရွှေသွန်းကျေးရွာ၊ ပိန္နဲကုန်းနဲ့ ညောင်တောကျေးရွာကြား စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၃၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပိန္နဲကုန်းနဲ့ ညောင်တောကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၄၁)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၇)လုံးကိုလည်း ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၁၂)ရက်ကလည်း ကန်ကြီးကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီး (၅၀)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၁၅)လုံးတို့ကို စစ်ကောင်စီတပ်က ပစ်ကူတိုက်ခိုက်ခဲ့ပါသေးတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။
