လပခ ကို တိုက်ခိုက်မှု မန္တလေးတိုင်းကို သိမ်းမယ့် စစ်ဆင်ရေးကို ကူညီတာလို့ BWM ပြော၊

by

in

လပခ ကို တိုက်ခိုက်မှု မန္တလေးတိုင်းကို သိမ်းမယ့် စစ်ဆင်ရေးကို ကူညီတာလို့ BWM ပြော၊
မှူးအိန်ဂျယ်လ်/MFP၊ စက်တင်ဘာ – ၅

မန္တလေးမြို့ နန်းမြို့တွင်းက စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(လပခ)ကို ရှော့ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုဟာ မန္တလေးတိုင်းကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို ကူညီအားဖြည့်တာ ဖြစ်ပြီး UG (Urban Guerrilla- မြို့ပြပြောက်ကျား) တွေကလည်း မြို့သိမ်းနိုင်ရေး အစွမ်းကုန် ကူညီ တိုက်ခိုက်မယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ ပြောရေးဆိုခွင့်ရှိသူက MFP ကို ပြောပါတယ်။
စက်တင်ဘာလ (၃) ရက် မနက်ပိုင်းက BWM နဲ့ Shadow Mandalay အဖွဲ့တို့ ပူးပေါင်းပြီး လပခ ကို (၁၀၇မမ) ရှော့တိုက်ဒုံး (၁၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခုနှစ်လုံး အောင်မြင်ပြီး ပစ်မှတ်တွေကို ထိမှန်လို့ လပခ ထဲ ထိခိုက် ပျက်စီးမှုတွေ ရှိကာ စစ်အုပ်စုတချို့ သေဆုံး ဒဏ်ရာရတယ်လို့ BWM က ထုတ်ပြန်ထားပါတယ်။
“ကျနော်တို့က UG အဖွဲ့ ဆိုတော့ UG အတိုင်းအတာနဲ့ လုပ်နိုင်သမျှ လုပ်ပြီး (လပခ) ကို တော်လှန်ရေး တပ်ရင်း တပ်ဖွဲ့တွေ သိမ်းပိုက်နိုင်အောင် ကူသွားမှာပါ။ ကျနော်တို့က ရှော့တိုက်ဒုံး သီးသန့်ပဲ ပစ်မှာပါ။ အရေအတွက်ပို များများ သုံးမှာပေါ့” လို့ BWM ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လပခ ဟာ တော်လှန်ရေးတပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေး ထိုးစစ်တွေကို အဓိက တုံ့ပြန် ခုခံနေတဲ့ စစ်တိုင်းဌာနချုပ် ဖြစ်ပါတယ်။
လပခ ကို ရှော့ဒုံးနဲ့ တိုက်ခိုက် မခံရမီ အချိန်ထိ အာဏာသိမ်း စစ်အုပ်စု ဒုတိယ ခေါင်းဆောင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး အဆင့် စိုးဝင်း ကိုယ်တိုင် လပခ ကို လာရောက်ပြီး တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်ကို ခုခံဖို့နဲ့ ရှမ်းမြောက်ကို ပြန်လည် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာလို့ BWM က ပြောပါတယ်။
လပခ ကို တိုက်ခိုက်မှုဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို ပူးပေါင်း ပါဝင်တာဖြစ်သလို မန္တလေးကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လာမယ့် တော်လှန်ရေးတပ်တွေကို ကူညီတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လပခ ဟာ BWM လက်လမ်းမှီတဲ့ နေရာမှာ ရှိနေတဲ့အတွက် တော်လှန်ရေး အောင်မြင်မှုကို အထောက်အကူပြုဖို့၊ ပိုမို ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်ဖော်ဆောင်မယ်လို့လည်း BWM ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
“ကျနော်တို့ အဖွဲ့အနေနဲ့ကတော့ အဲလောက်ကြီး ပြောရင် ကြီးကျယ်ရာ ကျပါလိမ့်မယ်။ အထောက်အပံ့ ပြုရုံလောက်ပါပဲခင်ဗျ။ အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ပါတယ် ” လို့ သူက ပြောပါတယ်။
BWM ဟာ မန္တလေး နန်းတွင်းရှိ လပခ ကို ၂၀၂၃ ဒီဇင်ဘာမှာ တစ်ကြိမ် ရှော့ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ယခု စက်တင်ဘာလ (၃) ရက်မှာ ဒုတိယအကြိမ်မြောက် တိုက်ခိုက်တာ ဖြစ်ပါတယ်။
လပခ ထဲမှာ ဒရုန်းကို ကာကွယ်ဖို့အတွက် Drone Guard ရှိပေမဲ့ ရှော့တိုက်ဒုံးကိုတော့ ကာကွယ်နိုင်တာ မရှိဘဲ ရှော့ဒုံးတွေ ယမ်းမအောင်ပါစေနဲ့လို့သာ ဆုတောင်းနေကြလိမ့်မယ်လို့ BWM က ဆိုပါတယ်။
လပခ ရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ နေရာဟာ မန္တလေးမြို့ အနောက်ဘက်၊ ဧရာဝတီမြစ်ရိုးက ကျွန်းတွေ ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပြီး လပခ တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာ အဲ့ဒီ မြစ်ရိုးက ကျွန်းရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးသလို မတ္တရာနယ် အနောက်ခြမ်းက ရွာတွေကိုလည်း လေကြောင်းဗုံးကြဲခဲ့ပါတယ်။
မန္တလေး နန်းမြို့တွင်းက စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့ဒုံးနဲ့ တိုက်ခိုက်စဉ် ထိမှန်ခဲ့တဲ့ ပစ်မှတ်စာရင်း/Photo – Brave Warriors for Myanmar (BWM)
#Mandalay_Free_Press_MFP

စစ်ပွဲသတင်းကြောင့် မန္တလေးမြို့က စက်ရုံနဲ့ စီးပွားရေးလုပ်ငန်းတချို့ ရပ်နား၊
လားရှိုးစစ်ပွဲ အတွေ့အကြုံအရ တချို့ စက်ရုံတွေ ပိတ်ကြတာလို့ဆို၊
AN/MFP ၊ စက်တင်ဘာ – ၅
မန္တလေးမြို့အနီး တိုက်ပွဲတွေ ရောက်ရှိလာချိန် နာမည်ကြီး အိမ်သုတ်ဆေးစက်ရုံ တစ်ခု အပါအဝင် မြို့ပေါ်က ကုမ္ပဏီ အများစု ကုန်ပစ္စည်းထုတ်လုပ်မှု၊ ဖြန့်ချိမှုတွေ ရပ်တန့်လိုက်တာ တွေ့ရတယ်လို့ မြို့ခံ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံက နာမည်ကြီး အိမ်သုတ်ဆေးစက်ရုံ အပါအဝင် ဆပ်ပြာစက်ရုံနဲ့ ဆေးဝါးကုမ္ပဏီ တချို့ ဩဂုတ် လကုန်ပိုင်းက စလို့ မန္တလေးမြို့မှာ ကုန်ပစ္စည်း ထုတ်လုပ်၊ ရောင်းချတာတွေ ရပ်တန့်သွားကြတယ်လို့ ဆိုပါတယ်။
အိမ်သုတ်ဆေး စက်ရုံကတော့ ကုန်ကြမ်းမရှိလို့ဆိုပြီး မန္တလေးစက်ရုံကို ယာယီ ခြောက်လတာ ရပ်နားလိုက်တယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အခုတော့ ခြောက်လပေါ့။ အပြီးပဲ ရပ်သွားမလား မသိဘူး။ အရောင်းပဲ ဖွင့်ထားတော့တာ။ အဲတာကလည်း ဟန်ပြ တောင့်ခံထားတဲ့ သဘောပဲ “လို့ သူ ကဆက်ပြောပါတယ်။
အဲဒီ အိမ်သုတ်ဆေး စက်ရုံဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန်က လားရှိုးရုံးခွဲက ရောင်းချထားတဲ့ ဆေးပစ္စည်း တန်ဖိုးငွေ ကျပ်သိန်းထောင်ချီ ဆုံးရှုံးခဲ့တာကြောင့် မန္တလေးမှာလည်း အဲ့ဒီလို ဆုံးရှုံးနိုင်ချေကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ ပိတ်လိုက်တာ ဖြစ်မယ်လို့ စက်ရုံနဲ့နီးစပ်သူက ပြောပါတယ်။
အလားတူ နာမည်ကြီး ဆပ်ပြာမှုန့် ကုမ္ပဏီတစ်ခုလည်း မန္တလေးကနေ ထုတ်လုပ်ဖြန့်ဖြူးတာ ရပ်နားလိုက်တဲ့အတွက် စျေးကွက်အတွင်း ပစ္စည်းမလုံလောက်တာတွေ ဖြစ်နေတယ်လို့ စတိုးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
နောက်ထပ် ဆေးဝါးကုမ္ပဏီ တချို့ကလည်း စစ်ပွဲသတင်းတွေကြောင့် မန္တလေးမြို့က ဖြန့်ဖြူးရေးရုံးတွေကို ပိတ်ကာ ရန်ကုန်မြို့ကို ပြန်လည် ပြောင်းရွေ့တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စက်ရုံတွေ၊ လုပ်ငန်းတွေ ပိတ်သိမ်း၊ ရပ်နားတာနဲ့အတူ ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေလည်း အလုပ်ရပ်နားခံရပြီး တချို့ကုမ္ပဏီတွေကတော့ လစာရဲ့ ၅၀ ရာခိုင်နှုန်းကို ခံစားခွင့်ပေးထားကာ အလုပ်ထွက်ခွင့် ပြုထားတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့မှာ တိုက်ပွဲဖြစ်မယ့် သတင်းတွေ ပြန့်ပြီးနောက် လုပ်ငန်းကြီးတချို့က ယခုလို အပြောင်းအလဲတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၃ရက်က မန္တလေးမြို့၊ နန်းမြို့တွင်းက အာဏာသိမ်း စစ်အုပ်စု အခြေပြုရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး မန္တလေးမြို့တွင်း လူနေရပ်ကွက်တွေထဲမှာပါ လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲလို့ အိုးအိမ်ပျက်စီးတာနဲ့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။
မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ မတ္တရာ၊ ပုသိမ်ကြီးနဲ့ မြင်းခြံနယ်မှာတော့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ လနဲ့ချီနေပြီ ဖြစ်ပြီး စစ်အုပ်စုက မြေပြင်တိုက်ပွဲရှုံးတိုင်း လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ထုတာတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်အုပ်စုရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် – ရမခ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကို ကိုးကန့်တပ်မတော် – MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
စက်တင်ဘာလ ၃ ရက်က မန္တလေးမြို့ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ် ထိခိုက်ပျက်စီးစဉ် /Photo – CJ