နတ်ရေကန်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေ ဆက်လက်ထိုးစစ်ဆင်နေ
ထက်ဖြိုး/MFP ၊ ဇွန် – ၁၃
ရခိုင်ရိုးမပေါ် စစ်ရေးအရဗျူဟာကျတဲ့ စစ်အုပ်စု နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့တိုက်ခိုက်တာနဲ့ ဖြတ်တောက် တိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်း က ပြောပါတယ်။
မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို တိုးလျှိုပေါက် သွားလာဖြတ်သန်းလို့ရတဲ့ ငဖဲမြို့နယ်ထဲကအဆိုပါ စစ်အုပ်စု ဗျူဟာကုန်းစခန်းကို AA နဲ့ တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ တတိယပတ်ကစပြီး ထိုးစစ် ဆင်တိုက်ခိုက်နေခဲ့ရာမှာ ဇွန်လ ၃ ရက်က နတ်ရေကန်စခန်းနဲ့ တစ်မိုင်ကျော်အကွာရှိ စစ်အုပ်စုရဲ့ MPT တာဝါကုန်း ကာကင်းစခန်းကိုသိမ်းပိုက်ပြီးနောက်မှာ နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ တာလို့ ဆိုပါတယ်။
“နတ်ရေကန်မှာက အရင်တုန်းကတော့ အမ်း-ပဒါန်းလမ်ကြောပေါ်ကနေပြီးတော့ ရိက္ခာဖြည့်တင်းမှုတွေ၊ တပ် သား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်တယ်။ အခုနောက်ပိုင်းမှာတော့ အဲဒီလမ်းကိုမသုံးတော့ဘဲနဲ့ ကျနော်တို့ ခဏခဏပြောနေတဲ့ နတ်ရေကန်လမ်းဟောင်းဆိုတာရှိပါတယ်။ နတ်ရေကန်ကိုပဲ ဦးတည်ဖောက်ထားတဲ့လမ်း ပေါ့။ အဲဒီလမ်းဟောင်းမှာပဲ နေထိုင်ပြီးတော့မှ ခြေလျင်စစ်ကြောင်းတွေ၊ ကားနဲ့ရိက္ခာပို့တဲ့ဟာတွေ၊ တပ်သား အင် အားဖြည့်တင်းမှုအပိုင်းတွေ ဒီလိုအပိုင်းတွေကို ဖြတ်တောက်တိုက်ခိုက်မှုလုပ်ဆောင်ပါတယ်။ နတ်ရေကန်ဗျူဟာ ကုန်းနဲ့အနီးတစ်ဝိုက်မှာလည်း ရန်သူနဲ့ဒဲ့ဆိုင်ပြီးတော့မှ တည်ရတဲ့အပိုင်းတွေ ရံဖန်ရံခါရှိပါတယ်” လို့ ချင်းကာ ကွယ်ရေးတပ်-အရှိုရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆလိုင်းရိုးချင်းက ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းစခန်းကို AA နဲ့ တော်လှန်ရေးအင်အားစုတွေက ဖြတ်တောက်ပိတ်ဆို့ ထိုးစစ်ဆင်တိုက် ခိုက်နေတာကြောင့် စခန်းကနေထွက်ပြေးကြတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေလည်း ရှိနေပြီး အဲဒီထွက်ပြေးလာသူတွေ ကို ချင်းကာကွယ်ရေးတပ်-အရှိုက ကြားဖြတ်တိုက်ခိုက်လို့ လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိတာတွေ ရှိ တယ်လို့ ဆိုပါတယ်။
အဲဒီလို နတ်ရေကန်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် အများစုဟာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှု ထမ်းနေရသူတွေဖြစ်ကြတယ်လို့ ဆလိုင်းရိုးချင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ ၁၂ ရက်အတွင်း ငဖဲမြို့နယ်မှာ တော်လှန်ရေးတပ်တွေ အရှင်ဖမ်းဆီးရမိတဲ့ စစ်အုပ် စု တပ် ဖွဲ့ဝင် ၂၃ ဦးရှိပြီး ဇွန်လ ၄ ရက်ကနေ ၁၂ ရက်အတွင်းမှာ နတ်ရေစခန်းကနေ ထွက်ပြေးလာသူ စုစုပေါင်း ၂၆ ဦးရှိ တယ်လို့ ဆိုပါတယ်။
ချင်းကာကွယ်ရေးတပ်-အရှိုအနေနဲ့ နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းရဲ့အနီး မီတာ ၁၅၀၀ ပတ်လည် ကို ဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်နေချိန်မှာ အဲဒီစစ်အုပ်စု တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ နတ်ရေကန်ဗျူဟာကုန်းစခန်းကို စစ်ကူအင်အားပို့ဆောင်ရာမှာ အမ်း-ပဒါန်းလမ်းအသစ်ကို တော် လှန်ရေး အဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတာကြောင့် အသုံးမပြုနိုင်တော့ဘဲ အမ်းလမ်းဟောင်းကနေ လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်လေ့ရှိပြီး ချင်းကာကွယ်ရေးတပ်အရှိုအနေနဲ့လည်း ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကူလာတာ ဖြည့်တင်းတာကတော့ ပဒါန်းဘက်၊ ဆုံကုန်း အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅) ဘက် မှာပဲ တပ်စုဖွဲ့ပြီးတော့ လာကြတာ”လို့ ဆလိုင်းရိုးချင်းကပြောပါတယ်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှာ ရှိနေတဲ့ စစ်အုပ်စုအဖွဲ့တွေဟာ တပ်မ-၉၉ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ၁၁၃ နဲ့ ၄၂၀ တို့က နေရယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဘက်ခြမ်း ရခိုင်ရိုးမပေါ်မှာရှိတဲ့ နတ်ရေကန်စခန်းနဲ့ ပဒါန်းမြို့ဟာ မိုင် ၂၀ ခန့်ကွာဝေးပြီး မျဉ်းဖြောင့် အတိုင်းဆိုပါက ၁၀ ခန့်သာ ကွာဝေးတော့တာလည်း ဖြစ်ပါတယ်။
နတ်ရေကန်စခန်းရဲ့ အမြင့်ဟာ မီတာ ၁၅၀၀ ခန့် ရှိပါတယ်။
