မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများမှာ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး ပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေဟု မင်းအောင်လှိုင် ပြောပြန်
ရန်ကုန်၊ ဇွန် ၁၂
မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး အတန်းပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်သည်။
ယမန်နေ့ ပြင်ဦးလွင်မြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေး အားနည်းသည့်ဒေသများတွင် ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုဘ၀စီးပွားများကိုပါ ထိခိုက်လာစေကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
ထို့ပြင် ပညာရေးဝန်ထမ်းများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန် လိုအပ်ကြောင်း၊ မိမိတို့တာဝန်ယူထားရသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့အရေးကို ကျေပွန်ရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၉ ရက်နေ့တွင် ပြင်ဦးလွင်မြို့သို့ လာရောက်ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့တွင် ထပ်မံ၍ ပြင်ဦးလွင်မြို့သို့ပင် ထပ်မံစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ဇွန်လ ၉ ရက်နေ့မှစ၍ ပြင်ဦးလွင်နေအိမ်တွင် ရောက်ရှိနေထိုင်နေသည်ဟု သိရှိရကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
