ဧရာဝတီတိုင်းအတွင်း ဝင်ရောက်မည့် ဒေသကာကွယ်ရေး ရဲဘော်များ၏ ပထမဆုံးအကြိမ် လေ့ကျင့်မှုများ ပြုလုပ်ပြီးစီး

by

in

ဧရာဝတီတိုင်းအတွင်း ဝင်ရောက်မည့် ဒေသကာကွယ်ရေး ရဲဘော်များ၏ ပထမဆုံးအကြိမ် လေ့ကျင့်မှုများ ပြုလုပ်ပြီးစီး
ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

ဧရာဝတီတိုင်းအတွင်း ပြန်လည်ဝင်ရောက်၍ စစ်ရေးဖော်ဆောင်ရန် အသစ်ထပ်မံစုဖွဲ့ထားသည့် ဧရာ၀တီ ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် (Local-PDF) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇွန် ၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာ၀တီ PDF ၏ အမှတ်စဉ်(၁) သင်တန်းကို မကွေးတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဧရာ၀တီတိုင်းတွင်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (EROs) နှင့် မဟာမိတ်ဖွဲ့၍ ဧရာ၀တီတိုင်းအတွင်း ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
“ချင်းနဲ့ မကွေးအစပ်မှာ စုဖွဲလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ တပ်ရင်းတစ်ရင်း ပြည့်တာနဲ့ ဧရာဝတီတိုင်းကို ဝင်ရောက်ပြီး စစ်ရေးဖော်ဆောင်မှုတွေ လုပ်မှာပါ။ ရှေ့လမှာ သင်တန်းအမှတ်စဉ်တွေ ထပ်စဖို့ရှိပါမယ်” ဟု ဧရာဝတီ Local PDF တာဝန်ခံ စိုင်းဝေလင်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်သင်တန်းဆင်းပွဲကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၉ ယောက်ဖြင့် သင်တန်းဆင်း ခဲ့ပြီး လာမည့် ဇူလိုင်လတွင် ဧရာ၀တီ PDF စစ်သင်တန်း အမှတ်စဉ် (၂) ကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
ဧရာ၀တီတိုင်းအတွက် တော်လှန်မည်ဖြစ်သောကြောင့် ဧရာ၀တီ Local PDF ဟု အမည် ပေးထားကာ မကြာခင်တွင် ဧရာ၀တီတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲကာ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဧရာဝတီ Local PDF တာဝန်ခံထံမှ သိရသည်။
“ဧရာ၀တီအတွက်ပဲမို့ ဧရာ၀တီလို့ ခေါင်းစဉ်တပ်တာပါ။ ဝန်ကြီးဌာနလည်းချိတ်ဆက်မှုရှိပါတယ်။ အချိန် တစ်ခုရောက်ရင် ဝန်ကြီးဌာနအောက်ကို ပြန်ဝင်ဖို့အစီအစဉ်ရှိပါတယ်။ ဧရာ၀တီတိုင်းမှာရှိတဲ့ တော်လှန် ရေးအဖွဲ့တွေနဲ့လည်း မကြာခင်မှာ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ်” ဟု ဧရာဝတီ Local PDF တာဝန်ခံ စိုင်းဝေလင်းကပြောသည်။
ထို့ပြင် ဧရာဝတီ Local PDF တပ်ဖွဲ့အနေဖြင့် လက်ရှိနယ်မြေခံပြည်သူလူထု၏ လိုအပ် ချက်များကို ကူညီဆောင်ရွက်ပေးနေပြီး ဧရာဝတီတိုင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာပါက လက်နက်ခဲယမ်း လိုအပ်ချက်များကို ကူညီနိုင်ပေးရန်လည်း အသိပေးပြောဆိုထားသည်။
“ကျွန်တော်တို့ဧရာ၀တီတိုင်းမှာရှိတဲ့ ရဲဘော်အဖွဲ့အစည်းတွေနဲ့ နဂိုကတည်းက ကျွန်တော်တို့ တစ်သွေးတစ်သားတည်း ဒိုးတူဘောင်ဖက်လုပ်ခဲ့တာလည်းဖြစ်တယ်။ တစ်စင်ထောင်တာ မဟုတ်ဘဲ ဧရာ၀တီတိုင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေ အင်အားကောင်းစေချင်တယ်။ ကျွန်တော်တို့သွားချင်တဲ့ အရာလေးတွေ ရှိလို့ပါ” ဟု ဧရာဝတီ Local PDF တာဝန်ခံ စိုင်းဝေလင်းက ဆိုသည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်း PDF
ပုံစာ-ဧရာ၀တီတိုင်း PDF သင်တန်းဆင်းပွဲ ပုံရိပ်များ။