ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် ၅၄ ကို မဖြစ်ဖြစ်တဲ့နည်းဖြင့် ထက်ဝက်ပိုင်း ရောင်းရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက် ကန့်ကွက်ခံရ

by

in

ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) နေအိမ်ကို မြေတစ်ဝက်ခွဲ၍ ရောင်းချရန် အစ်ကိုဖြစ်သူဦးအောင်ဆန်းဦး၏ လျှောက်ထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ဦးအောင်ဆန်းဦး လျှောက်ထားမှုကို ယမန်နေ့ ဇွန် ၅ ရက်က ကမာရွတ်ခရိုင်တရားရုံးတွင် ကန့် ကွက်လွှာ တင်သွင်းခဲ့ကြောင်း ရှေ့နေအဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

ကန့်ကွက်လွှာတင်သွင်းမှုနှင့်ပတ်သက်၍ လာမည့်ဇွန်လ ဒုတိယပတ် ၁၂ ရက်နေ့တွင် တရားရုံးက အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဦးအောင်ဆန်းဦးသည် ခြံအမှတ် (၅၄) ကို လေးကြိမ်တိုင် လေလံတင် ရောင်းချခဲ့ပြီး ရောင်းမထွက်သည့် အတွက် ခြံတစ်ဝက်ကို အရင်ရောင်းချပေးရန် မေလအတွင်းက ပြုလုပ်ခဲ့သည့် ရုံးချိန်းတွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ လေးကြိမ်မြောက် လေလံပွဲပျက်ပြီးနောက်တွင် ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံကြမ်းခင်းဈေး သတ်မှတ်ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။

ဦးအောင်ဆန်းဦးသည် ယခု မေ ၂၉ ရက်က ပြုလုပ်သည့် ရုံးချိန်းတွင်မူ မြေ ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းသည့် ခြံအမှတ် (၅၄) နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် နေအိမ် အပိုင်းအားချန်၍ ကျန်မြေကွက်ကို အရင်ရောင်းချပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။

အဆိုပါတောင်းဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရသည့်အတွက် ရှေ့နေအဖွဲ့က တရားရုံးကို ကန့်ကွက်စာတင်ခဲ့ကြောင်း သိရသည်။

မူလက ခြံအမှတ် (၅၄) ၏ နှစ်ထပ်အိမ်နှင့်မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်က ပိုင်ဆိုင်စေပြီး တစ်ထပ်တိုက်နှင့် ကျန်မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးက ပိုင်ဆိုင်စေရန် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အဆိုပါအမိန့်ကို ဦးအောင်ဆန်းဦးက မကျေနပ်သည့် အတွက် ခြံဝန်းတစ်ခုလုံးကို လေလံဆွဲရောင်းချပြီး တန်ဖိုးငွေကို တစ်ယောက်တစ်ဝက်ခွဲယူရန် အယူခံ အဆင့်ဆင့်တင်သွင်းခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်ကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတရားရုံးက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

#ခြံအမှတ်၅၄ #ထက်ဝက်ပိုင်းရောင်းရန် #ဦးအောင်ဆန်းဦး #ဒေါ်အောင်ဆန်းစုကြည် #ရှေ့နေအဖွဲ့ကန့်ကွက် #Ayeyarwaddy_Times