Breaking News- စစ်အာဏာသိမ်းထားသော စစ်ကောင်စီနှင့် မြန်မာနိုင်ငံကို ILO Article 33 အရ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ညီလာခံက အတည်ပြုဆုံးဖြတ်
ရန်ကုန်၊ ဇွန် ၅
အကြမ်းဖက်စစ်အာဏာသိမ်းထားသော စစ်ကောင်စီနှင့် မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူရန် အပြည် ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ညီလာ ခံက ယနေ့ ဆုံးဖြတ်အတည်ပြုလိုက်ကြောင်း ညီလာခံ တက်ရောက် နေသော မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employer Federation -MEF)မှ အထွေ ထွေအတွင်းရေးမှူး ဦးဝေမှူးသွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်နေသော ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီ လာခံ (ILC) တွင် လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး အလုပ် သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်နေသော မြန်မာစစ်ကောင်စီကို ILO Article 33 အရ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ညီလာခံတွင် မြန်မာနိုင်ငံနှင့် စစ်ကောင်စီကို အရေးယူရေး မဲခွဲရန် မလိုဘဲ အရေးယူရေး တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ILO ဥပဒေ ပုဒ်မ ၃၃ နဲ့ စစ်ကောင်စီကို အရေးယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အဲဒါကတော့ မဲခွဲစရာမလိုဘဲနဲ့ အတည် ပြု လိုက်ပြီဖြစ်ပါတယ်။ စစ်ကောင်စီကို အရေးယူမှု ဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့ အများကြီး လာမယ်။ ဥရောပသမဂ္ဂ အပါအဝင် တစ်ကမ္ဘာလုံးက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လာမှာဖြစ်ပါတယ်။ ညီလာခံမှာ ရုရှားကိုယ်စားလှယ်က ကျနော်တို့ ကိုယ်စားလှယ် ဦးမောင်မောင် မိန့်ခွန်းပြောတဲ့အချိန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG တံဆိပ်တွေနဲ့ ညီလာခံမှာ မိန့်ခွန်းပြောလို့ ရှုးရှုးရှားရှား ထလုပ်သေးတယ်။ နောက်ပြီး စစ်ကောင်စီဘက်က UMFCCI ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်တို့လည်း လာတက်တယ်။ ပထမတော့ ရုရှားတို့ ဘယ်လာရုစ်တို့က ကန့်ကွက်မလို လုပ်ပေမယ့်လည်း နောက်ဆုံးမှာ မဲခွဲစရာမလိုဘဲ အရေးယူဖို့ ဆုံးဖြတ်သွားတယ်” ဟု ညီလာခံတက်ရောက်နေသည့် ဦးဝေမှူးသွင်က ဆိုသည်။
မြန်မာနိုင်ငံကို ILO Article 33 ဖြင့် အရေးယူဒဏ်ခတ်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး စစ်အာဏာရှင် သန်းရွှေလက်ထက်ကလည်း ပထမအကြိမ်အဖြစ် ILO က ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။
သက္ကရာဇ် ၂၀၀၀ ခုနှစ် စစ်အာဏာရှင်အုပ်ချုပ်ရေးဖြစ်သော သန်းရွှေလက် ထက် မြန်မာနိုင်ငံတွင် အတင်းအဓမ္မအလုပ်ခိုင်းစေမှု (Forced Labour) ပြ ဿနာများအလွန်ဆိုးရွားခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် ILO ဖွဲ့ဥပဒေ၏ Article 33 အရ အရေးယူပိတ်ဆို့ခဲ့ဖူးသည်။