မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှ နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ခရီး သွားဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံသားများကို အမေရိကန်ဝင်ရောက်ခွင့် လုံး၀ ကန့်သတ်
ရန်ကုန်၊ ဇွန် ၅
အမေရိကန်နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှကာကွယ်ရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က ယနေ့ လက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းအရ သိရှိရသည်။
မြန်မာနိုင်ငံသားများသည် အမေရိကန်နိုင်ငံသို့ ခရီးသွားလာရောက်ခွင့် လုံး၀ ကန့်သတ်ခံရသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် ပါဝင်ကြောင်း၊ အာဖဂန်နစ္စတန်၊ မြန်မာ (ဗမာ)၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတာရီယယ်ဂီနီအီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင် စုစုပေါင်း နိုင်ငံပေါင်း ၁၂ ခုမှ နိုင်ငံသားများကို အမေရိကန်သို့ ဝင်ရောက်ခွင့် လုံး၀ အပြည့်အ၀ ကန့်သတ်လိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသားများကို အမေရိကန်သို့ ဝင်ရောက်ခွင့် လုံး၀ ပိတ်ပင်ခြင်းရမှာ အ မေရိကန်နိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုများပြားခြင်းကြောင့်ဖြစ်ပြီး B1/B2 ဗီဇာဖြင့် သက်တမ်းလွန်နေထိုင်မှု ၂၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ F၊ M နှင့် J ဗီဇာ သက်တမ်းလွန်နေထိုင်မှု ၄၂ ဒသမ ၁၇ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံက အမေရိကန်က ဖယ်ရှားသော နိုင်ငံ သားများကို ပြန်လည် လက်ခံရန် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် တစ်စိတ်တစ်ပိုင်း ကန့်သတ်ခံရသည့် နိုင်ငံပေါင်း ၇ ခုရှိပြီး ယင်းနိုင်ငံများတွင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့ပါဝင်ကြောင်း သိရှိရသည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စုတွင် တရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူများ ၊ လက်ရှိရှိရင်းစွဲ ဗီဇာကိုင်ဆောင်သူများ၊ တချို့သောဗီဇာအမျိုးအစား များနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ပေးသည့် လူပုဂ္ဂိုလ်များအတွက် ခြွင်းချက်အနေဖြင့် အမေရိကန်သို့ နေထိုင် ဝင်ရောက်သွားလာခွင့် ဆက် လက် ခွင့်ပြုထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- အမေရိကန်သမ္မတအဖြစ် တာဝန်ယူအပြီး ဖေဖော်ဝါရီလတွင် သမ္မတထရမ့်က လက်မှတ်ရေးထိုးထားသည့် အမိန့်တစ်ခုကို ပြသနေစဉ်။
