ဧရာဝတီတိုင်း၌ KIA သင်တန်းဆင်းရဲဘော်များဖြင့် စစ်ရေးဖော်ဆောင်မည်

by

in

ဧရာဝတီတိုင်း၌ KIA သင်တန်းဆင်းရဲဘော်များဖြင့် စစ်ရေးဖော်ဆောင်မည်
ဧရာဝတီ၊ ဇွန် ၄၊ ၂၀၂၅

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သင်တန်းဆင်းရဲဘော်များ ဦးဆောင်ပြီး ဧရာဝတီတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှု များ ပြုလုပ်နိုင်ရန် အင်အားစုဆောင်းပြင်ဆင်နေကြောင်း ဧရာဝတီ Local PDF တပ်ဖွဲ့ တပ်ရင်းမှူး ကိုစိုင်းက ပြောသည်။
အဆိုပါတပ်ဖွဲ့ကို ချင်း-မကွေးအစပ် လွတ်မြောက်နယ်မြေတနေရာ၌ ၂၀၂၅ ဇန်နဝါရီ ၁ ရက်တွင် စတင်စုဖွဲ့ခဲ့ပြီး လက်ရှိတွင် သင်တန်းသား ၈၉ ဦး ပါဝင်သည့် နှစ်လကြာစစ်သင်တန်းတခုကိုလည်း ပထမအကြိမ် ပေးထားပြီးဖြစ်ကြောင်း သိရသည်။
တပ်ရင်းမှူး ကိုစိုင်းက “ခေါင်းဆောင်တဲ့ ရဲဘော်တွေက KIA သင်တန်းဆင်းရဲဘော်တွေပါ။ အရင်က ဗျူဟာ ၂၉ မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခုလက်ရှိမှာ ဧရာဝတီ Local တပ်ရင်းအသစ်တခုအနေနဲ့ တော်လှန်ရေးအတွက် ထိထိရောက် ရောက် ဆောင်ရွက်ချင်လို့ပါ” ဟု ပြောသည်။
လက်ရှိတွင် လူဦးရေ ၁၃၀ ခန့်ဖြင့် စုဖွဲ့မှုပြုလုပ်ထားပြီး လက်နက်ကြီး၊ ဒရုန်းတပ်ဖွဲ့များကိုပါ စုဖွဲ့ထားကာ ဧရာဝတီတိုင်း၊ မကွေတိုင်းနှင့် ချင်းပြည်နယ်တို့၌ စစ်ရေးဖော်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခု၏ လက်အောက်၌ တိုက်ပွဲဖော်ဆောင်နေကြောင်း သိရသည်။
ဧရာဝတီ Local PDF တပ်ဖွဲ့အနေဖြင့် တပ်ရင်းတခု၏ စုဖွဲ့မှုပုံစံရရှိအောင် ကြိုးစားနေပြီး စုဖွဲ့မှုအင်အားကောင်းကာ စစ်ရေးအတွေ့အကြုံ ရသွားပြီဆိုလျှင် ဧရာဝတီတိုင်းထဲ စစ်ရေးဖော်ဆောင်ရန် ရည်မှန်းထားသည်ဟု တပ်ရင်းမှူးကိုစိုင်းက ပြောသည်။
ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်းတပ်များမှ ယခုနှစ်ဆန်းပိုင်းကတည်းက စစ်ဆင်ရေးများ ဖော်ဆောင်နေရာ လက်ရှိ ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup