နောင်တချိန်တွင် ဘယ်သူ စစ်အာဏာသိမ်းရဲလဲဟုမေးနိုင်အောင် လက်နက်ကိုင်တော်လှန်နေခြင်းဟု PDF စစ်ဆင်ရေးမှူးပြော
ဇွန် ၁၊၂၀၂၅။ထားမြတ်/People’sSPring
ပြည်သူများဆန္ဒကို လက်နက်ဖြင့် အနိုင်ကျင့်သည့် စစ်အာဏာရှင်များ နားလည်နိုင်မည့် ဘာသာစကားဖြစ်သော လက်နက်ကိုင်လမ်းစဉ်ကို ပြည်သူလူထုတရပ်လုံးက ရွေးချယ်ဆောင်ရွက်ခဲ့ရပြီး နောင်တချိန် အာဏာမသိမ်းရဲအောင် လက်နက်ကိုင်တိုက်ပွဲဝင်နေရခြင်းဖြစ်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောသည်။
ရဲဘော်တင်ဦးသည် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်းနှင့် နေပြည်တော်တိုင်း စသည့် တိုင်းစစ်ဌာန လေးခုပါဝင်သည့် အမှတ်(၂) စစ်ဆင်ရေးနယ်မြေကို ကွပ်ကဲရသည့် စစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူနေသူ ဖြစ်ညပီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ မေလ ၃၁ရက်က ကျင်းပသည့် ဒို့ပြန်လာပြီ ဧရာ၀တီ၏ ပင်လယ်အရောက် ရိုးမဖောက် စကားဝိုင်းအစီအစဉ်တွင် ရဲဘော်တင်ဦးက လက်နက်ကိုင်တော်လှန်ရေး၌ ပါဝင်ခဲ့ရမှု အကြောင်း ယခုကဲ့သို့ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။
” ကျနော်တို့ ပြည်သူတရပ်လုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဥပဒေဘောင်အတွင်းက ကျနော်တို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်တယ်။ ကျနော်တို့ တောင်းဆိုခဲ့တယ်။ ဒါကို မျက်ကွယ်ပြုခဲ့တယ်။ လက်နက်နဲ့ အနိုင်ကျင့်ခဲ့တယ်။ လက်နက်နဲ့ ဖိနှိပ်ခဲ့တယ်။ ဒီအတွက် ပြည်သူတရပ်လုံးက သူတို့နားလည်နိုင်မယ့်စကားပေါ့ ကျနော်တို့က ဓမ္မနဲ့ ပြောတဲ့ဟာကို သူတို့က နားမလည်တော့ သူတို့နားလည်နိုင်တဲ့စကားနဲ့ ကျနော်တို့က ပြန်ပြောရတာပေါ့။ ဒါကြောင့် ပြည်သူတရပ်လုံးက လက်နက်ကိုင်ခဲ့ကြတာ”ဟု ရဲဘော်တင်ဦးက ပြောသည်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်၍ ပြည်သူကို ကိုယ်စားပြုမှု တာဝန်သည် အရေးကြီးကြောင်း ၎င်းက ပြောသည်။
” ပြည်သူတရပ်လုံးက စစ်အာဏာရှင်ကို ဒီတကြိမ်မှာ လက်နက်ကိုင်ပြီးတော့ တွန်းလှန်နေကြတဲ့အချိန်မှာ ပြည်သူကို ကိုယ်စားပြုနေတဲ့ ကျနော်ကလည်း လက်နက်ကိုင်ပြီးတော့ ပြန်ပြီးတော့ တွန်းလှန်ရပါတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့အချက်တချက်ပါပဲဗျ။အဓိကကတော့ နောင်တချိန်မှာ ဘယ်ကောင် စစ်အာဏာသိမ်းရဲလဲလို့ မေးနိုင်အောင် ကျနော်တို့ လက်နက်ကိုင်ပြီးတော်လှန်နေတာပါ။ မဟုတ်ရင် စစ်အာဏာရှင်အဆက်ဆက်က လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျနေတာ ထုံးစံလို ဖြစ်နေတယ်။ ဒီတကြိမ်တော့ မရတော့ဘူးဆိုတာ မှတ်သွားစေရမယ်”ဟု ရဲဘော်တင်ဦးက ပြောသည်။
နောင်လာနောက်သားတွေကိုလည်း စံနမူနာအဖြစ် ပြသရမည်ဖြစ်သောကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးဘက်တော်သားများအကြားသွေးမကွဲပါက စစ်အာဏာရှင်ကို အနိုင်ရမည်ဖြစ်ကြောင်း ရဲဘော်တင်ဦးက ပြောကြားသည်။
စစ်အာဏာရှင်များ၏ သွေးအေးစေမည့်စည်း၊ သွေးကြောင်စေမည့်စည်း၊ သွေးကွဲစေမည့် စည်း စသည့် စည်းသုံးစည်းအနက် ပြည်သူများနှင့် တော်လှန်ရေးသမားများသည် သွေးအေးစေမည့် စည်း၊ သွေးကြောင်စေမည့် စည်းများကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး နောက်ဆုံး ကျန်နေသည့် သွေးကွဲစေမည့် စည်းကို ညီညွတ်စွာဖြင့် ကျော်ဖြတ်ကြရန်လိုအပ်ကြောင်း ရဲဘော်တင်ဦးက တိုက်တွန်းသည်။
ယမန်နေ့ စကားဝိုင်းဆွေးနွေးပွဲတွင် ဧရာ၀တီတိုင်းသားတဦးဖြစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တာဝန်ခံ ကိုအောင်စံရှား အခက်အခဲများစွာ ကြားမှ မြေပြင်ထိုးစစ်ဆင်သည့် လုပ်ငန်းများစွာ အကောင်အထည်ဖော်နိုင်သည့် အကြောင်း၊ ဧရာ၀တီတိုင်းသားများ တော်လှန်နေရး၌ ပါဝင်နေမှုတို့ကို ပြောပြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အမာခံ မရှိသည့် ဒေသ၌ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်စွာ လုပ်ဆောင်နိုင်ပါ့မလားဆိုသည့် စိုးရိမ်စိတ်ရှိခဲ့သော်လည်း လက်ရှိတွင် ပုသိမ်-မုံရွာကားလမ်းမအပါ၀အင် လမ်းမကြီးများပေါ်သို့ တော်လှန်ရေးတပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်လာနိုင်ကြောင်း ကိုအောင်စံရှားက ပြောသည်။
ဧရာ၀တီ တိုင်းသားများ၏ နေရာအနှံ့ပါဝင်မှုသည် လက်ရှိ ဧရာ၀တီတိုင်း၌ပင် တဖြည်းဖြည်း စိမ့်ဝင်ပြီး အင်အားကောင်းလာပြီဖြစ်ကြောင်း၊ ပဲခူး၊ စစ်တောင်းမြစ်ဝှမ်း ၊ ကရင်၊ မွန်ဒေသ အသီးသီး၌လည်း လက်ရှိအချိန်ထိ အင်အားဖြည့် တော်လှန်ရေးတာဝန်များ ထမ်းဆောင်နေပြီဖြစ်ကြောင်း ဧရာ၀တီတိုင်းမှ ရဲဘော်များ တော်လှန်ရေး၌ ပါဝင်နေမှု အခြေအနေကို ကိုအောင်စံရှားက အသိပေးသည်။
