မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ် ကားအစီးရေ ရာချီပိတ်မိနေ

by

in

မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ်
ကားအစီးရေ ရာချီပိတ်မိနေ
ဇေအောင်/People’s Spring
မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းက မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေလို့ ကံတလူတိုးဂိတ်မှာ မန္တလေးဘက်က ပြန်လာတဲ့ကားတွေ ရာချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ လမ်းက အခြေအနေမကောင်းဘူး။ ပစ်ခတ်မှုဖြစ်ထားလို့ ဖြတ်သွားလို့မရသေးဘူး။”လို့ ဒေသ
ခံတဦးက ပြောပါတယ်။
ကားတွေကို အစီးရေအနည်းငယ်စီ ခွဲလွှတ်ပေးနေပြီး နေ့လယ်ပိုင်းအထိ ယာဥ်ကြောတွေပိတ်နေတယ်လို့ သွားလာနေသူတချို့က ပြောပြပါတယ်။
တိုက်ပွဲအခြေအနေမသိရသေးပေမဲ့မုံရွာအနောက်
မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ စစ်ကောင်စီယာဥ် (၈)စီးဟာ ဒီကနေ့မနက် ဆယ်နာရီလောက်မှာ စစ်ကိုင်း တပ်မ(၃၃)ထဲ ဝင်ရောက်သွားတယ်လို့ မြေပြင်ကင်းထောက်တွေဆီက သိရပါတယ်။
မုံရွာ-မန္တလေးလမ်းမကြီးပေါ် စစ်ကောင်စီယာဥ်တွေဖြတ်သန်းသွားတိုင်း လမ်းပိုင်းနေရာအချို့မှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
(ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေ၍ ကားများရပ်တန့်စောင့်ဆိုင်းနေရစဥ်။ ဓာတ်ပုံ-CJ)