တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိ၊ ထိုင်း-မြန်မာနယ်စပ်၊ကနဲလေး စစ်တပ်စခန်းသိမ်းပွဲတွင် ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

by

in

တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိ၊ ထိုင်း-မြန်မာနယ်စပ်၊ကနဲလေး စစ်တပ်စခန်းသိမ်းပွဲတွင် ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၂၉

ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို KNLA ပူးပေါင်းတပ်များက တို်ကခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
မေလ ၁၉ ရက်နေ့ KNU တပ်မဟာ ၃ နယ်မြေ ၊ တောင်ငူခရိုင်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာရာ KNLA ပူးပေါင်းတပ်များက စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်စစ်ကြောင်းမှာ ဆုတ်ခွာ ထွက်ပြေးသွားပြီး စစ်ကြောင်း ပျက်သွားကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၇ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“သက်ဆိုင်ရာက တရားဝင် သတင်းထုတ်ပြန်ပါလိမ့်မယ်။ လေယာဉ် သတိထားရတာရယ်၊ နယ်မြေ မတည်ငြိမ်သေးတာကြောင့် နေရာအတိအကျတော့ ထုတ်ပြောလို့ မရသေးဘူး” ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ ညပိုင်း KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သော ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကနဲလေး စစ်တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း၊ အဆိုပါ စခန်းတွင် စစ်တပ်ဘက်မှ အင်အား ၁၀၀ ကျော်ရှိပြီး အင်အား ၅၀ ကျော်မှာ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးသွားကြောင်း၊ ကျန်အင်အားများမှာမူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခြင်း၊ ပစ်ခတ်မှုအတွင်း သေဆုံးမှုများရှိသည့်အပြင် နီးစပ်ရာ တောစပ်နှင့်စိုက်ခင်းများအတွင်းသို့လည်း ထွက်ပြေးခြင်းများလည်းရှိကြောင်း သိရှိရသည်။
KNU ၏ ထုတ်ပြန်ချက်တွင် KNU တပ်မဟာ ၆ နယ်မြေတွင် စစ်တပ်က ကျူးကျော် တပ်စွဲထားသော ကနဲလေး တပ်စခန်းကို ယမန်နေ့ မေလ ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန် KNU တပ်မဟာ ၆ ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့က ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေအေးမြိုင် စစ်တပ်စခန်းကိုလည်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် နယ်မြေရှင်းလင်း သိမ်းပိုက်ရရှိခဲ့​ကြောင်း သိရှိရသည်။