ကျောက်ဖြူတိုက်ပွဲအတွင်း တရုတ်စစ်သား ၂၀ခန့်က ဒရုန်းများဖြင့် စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေကြောင်း သတင်းများထွက်ပေါ်လာ

by

in

နိရဉ္စရာ၊ မေ ၂၇/၂ဝ၂၅

တရုတ်စီမံကိန်းကြီးများ တည်ရှိရာ ကျောက်ဖြူမြို့နယ်အတွင်းလက်ရှိ အာရက္ခတပ်တော်(AA)နှင့် ပြင်းထန်စွာဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်းတရုတ်စစ်သား၂၀ ခန့်သည် ဒရုန်းများကို ၎င်းကိုယ်တိုင်ကိုင်တွယ် ထိန်းချုပ် မောင်နှင်ပြီး စစ်ကောင်စီဘက်မှနေ၍ ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟု သတင်းများ ရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ တရုတ်ဓာတ်အား‌ဖြန့်ဖြူးရေးနှင့် စွန့်ပစ်စက်ရုံ(OGT)နှင့် သစ်ပုတ်တောင်တိုက်နယ်ရှိဓညဝတီရေတပ်ဌာနချုပ်တို့တွင် ယခုနောက်ပိုင်း တရုတ်စစ်သားများက ကိုယ်တိုင် ဝင်ရောက်ပြီးဒရုန်းများဖြင့် တိုက်ခိုက်နေသည်ဟုအမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“မလကျွန်းရွာနားက OGT စက်ရုံနဲ့ သစ်ပုတ်တောင်က ဓညဝတီရေတပ်မှာ တရုတ်စစ်သား ၂၀ လောက်ဒရုန်းမောင်းပြီးအေအေကိုတိုက်ခိုက်တယ်။ ရွာတွေကိုဗုံးကြဲနေတယ်။ ရေတပ်က ဗမာစစ်သားတွေကို ဒရုန်းမမောင်းရဘူးလို့ အတိအကျသတင်းရထားတယ်။ ဒရုန်းတွေကို နည်းပညာပိုင်း ပိုကျွမ်းကျင်တဲ့ တရုတ်စစ်သားတွေကိုယ်တိုင် မောင်းနှင်ပြီး ကျေးရွာတွေကို ဗုံးကြဲနေတယ်လို့ သိရပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် ကျောက်ဖြူမြို့နယ်၊မင်းတက်တောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့်အစိုးရစက်မှုလက်မှုသင်တန်းကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတို့ကို AA တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးနောက်တရုတ်စစ်သားများသည် ဒရုန်းကို ကိုယ်တိုင်မောင်းပြီး တိုက်ခိုက်မှုများပြုလုပ်လာသည်ဟု ၎င်းက ပြောဆိုသည်။

ကျောက်ဖြူမြို့မှ ရခိုင်နိုင်ငံရေးသမား တစ်ဦးကလည်း တရုတ်အစိုးရ အနေဖြင့် မြန်မာ့အရေး ကြားဝင်မည်မဟုတ်ကြောင်း ပြောဆိုထားသောလည်း တရုတ်စစ်သားများသည် စစ်ကောင်စီ စစ်ရေယာဉ်များနှင့် စစ်ကောင်စီတပ်သားများစခန်ချထားရာ တရုတ်စီမံကိန်း ဝင်းအတွင်းမှ ဒရုန်းများကို ကိုယ်တိုင်မောင်းနှင်ပြီး တိုက်ခိုက်ပေးနေသည်ဟု ကြားသိရကြောင်း ပြောဆိုသည်

CDM ဗိုလ်ကြီး ဇင်ယော်ကလည်း တရုတ်များ စစ်ကောင်စီဘက်မှနေ၍ ဒရုန်းများဖြင့်စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေသည်မှာ ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ်သည်။

“ဖြစ်နိုင်ခြေတော့ရှိပါတယ်။ သူ့ရဲ့ ဒီမဒေးကျွန်းက ပိုက်လိုင်းတွေရှိတဲ့နေရာတွေထိခိုက်မှုဖြစ်မှာစိုးလို့ စစ်တပ်နဲ့ သူတို့က စာချုပ်ချုပ်ထားတာကိုး။တကယ်လို့ AA သာ ကျောက်ဖြူကို အလုံးစုံထိန်းချုပ်လိုက်ပြီဆိုရင် သူတို့ AA နဲ့ တစ်ခါ ပြန်ပြီးတော့ စာချုပ်ချုပ်ရမဲ့သဘောရှိတယ်။ စာချုပ်ချုပ်ရမဲ့အနေအထားပေါ့နော်။အဲဒီတော့ လက်ရှိ သူတို့ စာချုပ်ချုပ်ထားတဲ့ဟာ၊သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု မဆုံးရှုံးအောင်လို့တော့ တရုတ်ကနေကာကွယ်နိုင်တယ်ပေါ့နော်။ ဖြစ်နိုင်ခြေကတော့ များတယ်ပေါ့နော်”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ကျောက်ဖြူတွင် တပ်စခန်းနှစ်ခုကို AA သိမ်းပိုက်ပြီးနောက် OGT စက်ရုံအပါအဝင် တရုတ်စီမံကိန်းများသို့ ဆုတ်ခွာပြီး AA ကိုခုခံတိုက်ခိုက်လျက်ရှိသည်ဟုလည်း သိရသည်။

CDM ဗိုလ်ကြီး ဇင်ယော်က “အခုဆိုရင် ကျောက်ဖြူနဲ့ ၁ဝ ကီလိုမီတာခြောက်မိုင်နီးပါးလောက်၊ အကွာလောက်ထိကို ရောက်နေပြီဆိုတော့ တရုတ်အနေနဲ့လန့်မယ်ဆိုလည်း လန့်စရာပေါ့နော်”ဟု ပြောသည်။

ကျောက်ဖြူမြို့သည် တရုတ်၏ ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းများတည်ရှိရာ မြို့ဖြစ်သဖြင့် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အမြောက်အများ ရရှိနေသော မြို့ဖြစ်သလို ပင်လယ်ရေနက်ဆိပ်ကမ်းရာတည်ရှိရာမြို့လည်းဖြစ်သဖြင့် ပထဝီနိုင်ငံရေးအရလည်း အလွန်အရေးပါသော မြို့တစ်မြို့ဖြစ်သည်။

သို့အတွက် စစ်ကောင်စီနှင့်အတူ တရုတ်သည်လည်း ကျောက်ဖြူမြို့AA လက်ထဲ ကျမသွားရန် ရနိုင်သည့်နည်းလမ်းဖြင့် ကာကွယ်နေသည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

တရုတ်စီမံကိန်းများတည်ရှိရာကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ AA နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ယင်းသို့တိုက်ပွဲဖြစ်ပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက်တွင်ကျောက်ဖြူမြို့နယ်အတွင်းသို့ တရုတ်ကြေးစားစစ်သားများလည်းရန်ကုန်လေဆိပ်မှဆင့် လေကြောင်းမှ ရောက်ရှိလာခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

အဆိုပါတရုတ်ကြေးစားစစ်သားများမှာအရေအတွက်အားဖြင့် ၅ဝ ဝန်းကျင်ခန့်ရှိပြီး ယင်းအထဲတွင် စနိုက်ဘာသမားများလည်း ပါဝင်ကာ၎င်းတို့ကို စစ်ကောင်စီ၏ ဓညဝတီ ရေတပ်ဌာနချုပ်၊ အမှတ် (၃၂) ရဲတပ်ရင်းအပါအဝင်တပ်ရင်းတချို့နှင့် နေဗီပေါ်တွင်လည်း တွင် ဖြန့်ချထားသည်ဟုမြေပြင်သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း ကျောက်ဖြူမြို့အနီးရှိ မဒေးကျွန်းစီမံကိန်းကိုလုံခြုံရေးယူရန်အတွက် တရုတ်စစ်သားများကို စစ်ကောင်စီက ပို့ဆောင်ထားကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။

တရုတ်သမ္မတချီကျင့်ဖျင်ကလည်း စစ်ကောင်စီဥက္ကဋ္ဌကို ကျောက်ဖြူအပါအဝင် မြန်မာရှိတရုတ်စီမံကိန်းများနှင့် စီမံကိန်းရှိ ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးကိုအာမခံချက်ပေးရန်လည်း အကြိမ်ကြိမ်တောင်းဆိုထားသည်။

လက်ရှိတွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ကျောက်ဖြူမြို့မှ (၆) မိုင်ခန့်သာ ကွာဝေးတော့သည့် အမှတ် (၃၂)တိုက်ခိုက်ရေးရဲတပ်ရင်းအနီးသို့ ရောက်ရှိလာနေပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၂၃ ရက်၊ ညနေပိုင်းတွင် AA သိမ်းပိုက်ထားသည့် စက်မှုလက်မှုကျောင်းကိုပြန်လည်ထိုးစစ်ဆင်လာစဉ် AA ကကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် အကျအဆုံးများဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် တိုက်ပွဲမှာ ယခုရက်ပိုင်းအတွင်းအမှတ်(၃၂)တိုက်ခိုက်ရေး ရဲတပ်ရင်းအနီးဝန်းကျင်ကို ရောက်ရှိလာခြင်းဖြစ်သည်။

ကျောက်ဖြူတွင် အမှတ် (၃၂)ရဲတပ်ရင်းအပါအဝင် ကျောက်တလုံးစစ်ဆေးရေးဂိတ်၊ ခလရ (၃၄)၊ ခမရ(၅၄၂)၊ခမရ(၅၄၃)၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်နှင့်အုန်းကျွိန်ရေတပ်စခန်းတို့ အခြေစိုက်ထားသည်။

ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)ကပြီးခဲ့သည့်ရက်ပိုင်းကသိမ်းပိုက်ထားသည့်မင်းတက်တောင်စခန်းပတ်ဝန်းကျင်အနီးအနားကို စစ်ကောင်စီကမေလ ၂၂ ရက်၊ညနေပိုင်းတွင်ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲခဲ့သဖြင့်စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဧပြီလ ၂၄ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာတွင်အသက် ၆ဝကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသေဆုံးပြီးအမျိုးသားနှစ်ဦးဒဏ်ရာရသွားခဲ့သည်။

ဓာတ်ပုံ – AAသိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ ဒရုန်းအချို့အား တွေ့ရစဉ်။ (ပုံဟောင်း)