“ပရဟိတမျက်နှာဖုံး၏နောက်ကွယ်မှ သရုပ်ဆောင်ခိုင်နှင်းဝေ၏အတ္တဟိတများ’
AAMIJ/မေ၂၅
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းတို့ကိုဗဟိုပြု၍ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီး မတ် ၂၈ ကလှုပ်ခတ်ခဲ့သည်။ ကမ္ဘာ့သတင်းများတွင်ပင် ဟိုးလေးတကျော် ဖြစ်ခဲ့ရသော မြန်မာငလျင်သည် လူပေါင်း ၃၇၀၀ကျော် တို့ကို သေဆုံးစေခဲ့ပြီး ၅၀၀၀ ကျော် ဒဏ်ရာရခဲ့ကာအိုးမဲ့အိမ်မဲ့ပျက်စီးမှုများစွာဖြစ်ပေါ်စေခဲ့သည်။
စစ်ကောင်စီသည် ငလျင်ကြီးတိုက်ခတ်ပြီးချိန်တွင်ပင် နေရာတစ်ချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လူမှုကူညီရေးအသင်းများ၊ ပရဟိအဖွဲ့များကပင် ကိုယ်ထူကိုယ်ထ စလုပ်ခဲ့ ကြရသည်။
ပြီးခဲ့သည့်လအတွင်း မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းအတွင်း၌နိုင်ငံတကာမှ လာရောက်ကူညီသော ကယ်ဆယ်ရေးအဖွဲ့များနှင့် မြန်မာလူမှုကူညီရေးအသင်းများ၏ ကယ်ဆယ်ရေးလုပ်ကြ သည့်သတင်းများ၊ ပရဟိတအဖွဲ့များ၏လှူဒါန်းမှုများ၊ငလျင်အတွင်း မိမိမိသားစုဝင်အသက်ကယ်နိုင်ရေး အကူညီတောင်းခံသည့် အသံများဖြင့် ဆူညံပွက်လောရိုက် နေခဲ့သည်။
ထိုအထဲ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေ၏ လှူဒါန်းမှုပုံစံကိုဝေဖန်စောကြောသည့် သတင်းများ လည်းပါဝင်ခဲ့သည်။
အသက် ၄၄ နှစ်အရွယ်ရှိ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေသည်ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာ (ခိုင်နှင်းဝေဖောင်ဒေးရှင်း)၏ တည်ထောင်သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်များက လူမှုကူညီရေး လုပ်ငန်းများဖြင့် လူအများကြားထင်ရှားလာခဲ့သူဖြစ်သည်။
ရုပ်ရှင်လောကသားများသည် ၄င်းတို့၏မွေးနေ့နှင့်အလှူအတန်းများကို ခိုင်နှင်းဝေ ဖောင်ဒေးရှင်းမှတဆင့် လှူဒါန်းလေ့ရှိကြသည်။
ဧပြီလ ၂ ရက်နေ့တွင် မန္တလေးနဲ့ စစ်ကိုင်းဘက်က အိမ်ခြေတွေကို တစ်အိမ်ထောင်ကို အလှူငွေ သိန်း ၂၀ နဲ့ စုစုပေါင်းသိန်းပေါင်း ၁၀၀၀၀ လှူဒါန်းခဲ့ကြောင်း ခိုင်နှင်းဝေက သူ၏ လူမှုကွန်ယက်ဖေ့ဘုတ်စ်မှ ဖော်ပြခဲ့ ပြီး ယင်းနေရာမှပြည်သူများက ၎င်းတို့မရကြကြောင်း မှတ်ချက်များဝင်ရောက်ပေးရာမှအစပြု၍ ခိုင်နှင်းဝေ ၏ အလှူငွေသုံးစွဲလှူဒါန်းမှုများအပေါ်ဝေဖန်မှုမြင့်တက်လာခဲ့သည်။
ပျဉ်းမနားမြို့မှ နေအိမ် ၁၈၅ အိမ် အတွက် လှူဒါန်းငွေသိန်း ၄၀၀၀ ပေးအပ်ခဲ့သည်ဆိုသည့် ဓါတ်ပုံများကို ဖေ့ဘုတ်တွင် ဖော်ပြခဲ့ပြီးနောက် ထိုစာရင်းမှာမြေပြင် အခြေအနေနဲ့ကွဲလွဲနေသည်ဟု ထောက်ပြခံရခြင်း ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီတပ်ရုံးစိုက်ရာ နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံအား ကျောက်ကပ် ဆေးစက်နှင့် ဆေးသွင်းစက်များလှူဒါန်းခဲ့မှု၌ ဈေးကွက်အတွင်းရှိတန်ဖိုးငွေနှင့် သိန်းထောင်ဂဏန်း ကွာဟနေသည်ဟု စက်တန်ဖိုးအတိအကျ သိသူများက ဝေဖန်ကြသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ရေကြီးမှုဖြစ် စဉ်တွင်လည်း ကရင်နီဒေသကို သွားရောက်လှူဒါန်းရာတွင် စစ်တပ်အသိုင်းအဝိုင်းကိုသာ လှူကာ ရေဘေးသင့်သူများအလှူငွေမရသဖြင့် ဤသို့ပင် ဝေဖန်ခံရ ဖူးသည်။
ငွေကြေးအရှုပ်ထွေးများဖြင့်ပြိုကွဲခဲ့သည့်မူလပရဟိတအသင်း
သရုပ်ဆောင်ခိုင်နှင်းဝေ၏ ပရဟိတအသင်းသည် လွန်ခဲ့သည့်အနည်းငယ်က ငွေကြေးအရှုပ်အရှင်းများ ကြောင့်ပြိုကွဲခဲ့ပြီး လက်ရှိအသင်းမှာ ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုအသင်းနှင့် အလုပ်တွဲလုပ်ကိုင်ခဲ့ဖူးသည့် ကိုမင်းကျော်(အမည်လွှဲ)ကပြောသည်။
အဖွဲ့ပိုင်ငွေကြေးများ သုံးစွဲခြင်း၊ ရင်းနှီးသူများထံမှအဖွဲ့နာမည်ဖြင့် ငွေချေးယူခြင်းများကို သရုပ်ဆောင် ခိုင်နှင်းဝေနှင့်ချစ်သူဒေါ်ပုလဲကေခိုင်(ခ)JD တို့အတူပြုလုပ်ခဲ့သည်ဟု သိရသည်။
“သုံးဖြုန်းတုန်းက နှစ်ယောက်တူတူပဲ။ ပြဿနာတွေလည်း ဖြစ်ရော ခိုင်နှင်းဝေက နာမည်ပျက်မှာစိုးတော့ JD ကိုလွဲချတယ်။ဟိုက ဘာမှ ပြန်မရှင်းဘူး။ သူတစ်ယောက်ထဲ ခေါင်းခံသွားတယ်” ဟုကိုမင်းကျော်က ဆိုသည်။
ငွေကြေးလိမ်လည် ချေးခံရသူများထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းလည်း ပါဝင်ခဲ့ပြီး အဖွဲ့အတွက် သုံးရန် သရုပ်ဆောင်ရန်အောင် လှူဒါန်းထားသော ကားတစ် စီးကိုလည်း ရောင်းချခဲ့ရသည်ဟု သူကဆက်ပြောသည်။
ထိုငွေကြေးလိမ်လည် ချေးယူမှုများကို ဒေါ်ပုလဲကေခိုင်ကလုပ်ဆောင်ခဲ့သည်ဟု ၂၀၂၀ ခုနှစ် ဇွန်လ က ခိုင်နှင်းဝေကထွက်ရှင်းခဲ့ပြီး မြောက်ဒဂုံမြို့နယ်ရဲစခန်းတွင် ပုဒ်မ (၄၀၈) ဖြင့် သူမကိုယ်တိုင် ချစ်သူဟောင်းကို အမှုဖွင့်တိုင် ကြားခဲ့သည်။
ကလေးမွေးစားခြင်းဖြင့် ပရဟိတအသင်းသစ်ပြန်လည်စတင်
ထိုနောက်တွင် ပထမဖွဲ့စည်းထားသည့် ပရဟိတအသင်းပြိုကွဲသွားခဲ့ပြီး မိဘမဲ့ကလေးများဂေ ဟာတစ်ခု၏အကူညီဖြင့်ကလေးငယ်တချို့ကို မွေးစားလိုက်ခြင်းဖြင့် လက်ရှိလည်ပတ်နေသည့် ရင်သွေး ငယ်လေးများဂေဟာကို စတင်ခဲ့သည်။
ဂေဟာအတွက်နေရာတိုက်ခန်းကို သန်လျင်သဘာဝတရားရိပ်သာ ပေးခဲ့သည်ဟု ပါဝင် ကူညီ လုပ်ကိုင်ပေးခဲ့တဲ့ယာဉ်မောင်းတစ်ဦး ဖြစ်သူ ကိုစိန်ထွန်း(အမည်လွှဲ) က ပြောသည်။
မီဒီယာများနှင့်ဓါတ်ပုံ၊ ဗီဒီယိုရိုက်သည့်ရက်များသာ ဂေဟာကိုလာရောက်သဖြင့် ကူညီလုပ်ကိုင်ပေးနေသူ တချို့နှုတ်ထွက်ခဲ့ကြသော်လည်း အလှူငွေအထိုက်အလျောက်ရရှိနေချိန်ဖြစ်၍ဝန်ထမ်းသစ်များဖြင့် လည်ပတ်ခဲ့သည်ဟု သူကဆက်ပြောသည်။
“သဘာဝဘေး၊ကပ်ဘေး ကာလတွေမှာ အရမ်းချမ်းသာသွားတာပဲ။ ပထမ အိမ်ငှားနဲ့ နေလာတာ။ သူ့အမေ ဝယ်တဲ့ အိမ်တုန်းကလည်း အရစ်ကျနဲ့ဝယ်တာ။ အခု အိမ်တွေ ဝယ်ထားတာတော်တော်များတယ်”ဟု ကိုစိန်ထွန်းကပြောသည်။
နောက်ပိုင်းတွင် အလှူရှင်များ၏ကူညီမှုဖြင့် ဂေဟာကိုမြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့ပြီး၊၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ တောင်ဒဂုံမြို့နယ်ကို ထပ်မံပြောင်းရွေ့ခဲ့ပါတယ်။ လက်ရှိမှာ သူမဟာ အိမ်ခြံမြေ များစွာ ပိုင်ဆိုင်နေပြီး ကလောမြို့ အပါအဝင် အခြားမြို့များတွင် အိမ်များဝယ် ထားသည်၊ သိန်းထောင်ကျော်တန် ကားများစွာလည်းပိုင်နေပြီဟု သူကပြောသည်။ ယင်းအချက်ကို AAMIJ အနေဖြင့်အတည် မပြုနိုင်ပါ။
၎င်း၏ဂေဟာ စတင်ဖို့ အတွက်အကူညီပေးခဲ့သည့် မိဘမဲ့ကလေးများဂေဟာတခုမှ ကလေးငယ်တစ်ဦးကို အမွေစားအမွေခံမွေးစားမည် ဆိုကာခေါ်သွားပြီးနောက် ကလေးငယ်နှင့် အတူ ကြော်ငြာရိုက်ကူးရေးများလုပ် ဆောင်ခဲ့ရာ ဆယ်လီမီဒီယာများ၏ အကူညီဖြင့် လူအများ အာရုံစိုက်ခံခဲ့ရသည်။
သို့သော် ထိုကလေးငယ်ကို သီခြား ခေါ်ထားရာမှ အမွေစားအမွေခံအဖြစ် မထားတော့ဘဲ မိဘမဲ့ဂေဟာကို ပြန်လည်ပို့ဆောင်ခဲ့သည်ဟုသိရသည်။ အဆိုပါဖြစ်စဉ်ကိုလည်းကလေးငယ်အားစိတ် ဒဏ်ရာရအောင်လုပ်သည့် လုပ်ရပ်အဖြစ် လူအများက ဝေဖန်ကြသည်။
“ဒါတွေအကုန်နောက်ကွယ်က လုပ်ပေးနေတာ သူ့ရဲ့ လက်ရှိတွဲနေတဲ့ ရည်းစားပဲ အလှူငွေ ပိုက်ဆံတွေ ပိုင်ဆိုင်မှုတွေ အကုန်သူပဲ စီမံခန့်ခွဲနေတာ” ဟု ကိုစိန်ထွန်း ကဆက်ပြောသည်။ ၎င်းသည် စစ်ကောင်စီတပ် မှအရာရှိတချို့နှင့်လည်းရင်းနှီးသူဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွင် ဂေဟာ နှင့် ခိုင်နှင်းဝေကိုဝေဖန်သူ များအား စစ်တပ်ကို သတင်းပေးနိုင်ကြောင်းလည်း သူကသတိပေးသည်။
သရုပ်ဆောင် ခိုင်နှင်းဝေသည် ဂေဟာဝန်ထမ်းများအပေါ်ရင့်သီးစွာဆက်ဆံခြင်း၊ ဆဲဆိုခြင်းများရှိပြီး ဝန်ထမ်းများ၏ဘဏ်အကောင့်ဖြင့် အလှူငွေလက်ခံလေ့ရှိသည်ဟုသိရသည်။
“သူထမင်းစားရင် ရုပ်ရှင်တွေထဲကလို ဘေးက မက်တပ်ရပ်ပြီးလိုတာ လုပ်ပေးရတယ်။ ကားဆရာတွေ လည်း တော်တော် အဆဲအဆို ခံရတာ” ဟုဝန်ထမ်းများနှင့် ဆက်ဆံရေးကိုသိထားသည့် အသက် ၄၀ ဝန်းကျင် အရွယ် ကိုမင်းကျော်(အမည်လွှဲ) ကပြောသည်။
“သူက ဂေဟာကို ဓါတ်ပုံရိုက်ဖို့နဲ့ ညနေ ပိုက်ဆံသိမ်းဖို့ပဲလာတာ။ ပိုက်ဆံသိမ်းရင်လည်း အကြီးဆုံးဆိုတော့ ပိုက်ဆံကို ဒီအတိုင်း ယူသွားတာ။ ငွေယူသွားကြောင်း လက်မှတ်လည်း ဘယ်သူမှ မထိုးခိုင်း ရဲဘူးလေ” ဟု သူကဆက်ပြောသည်။
သူမနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်လာတဲ့ ဝန်ထမ်းအမျိုးသမီး တစ်ဦးကို KPay အဝင်သာရှိပြီး အထွက်စာရင်းမရှိဟု ဆိုကာ ပိုက်ဆံခိုးမှုဖြင့် ပုသိမ်မြို့တွင် တရားစွဲ အချုပ်ထဲထည့်ခဲ့သည်ဟု သိရသည်။ ထိုဝန်ထမ်းကို ဂေဟာဆောက်လှူခဲ့သည့် အလှူရှင်ကပင် လျော်ကြေးစိုက်ထုတ်ကာ အချုပ်ထဲမှ ထုတ်ပေးခဲ့ရသည်ဟု ကိုမင်းကျော်ကဆက်ပြော၏။
“အဲဒီဝန်ထမ်း နေတဲ့မြို့အထိ ပိုက်ဆံခိုးပါတယ်ဆိုပြီး လိုက်အရှက်ခွဲတာ အဲဒီတော့ ဝန်ထမ်းတွေကလည်း တယောက်မှ မလှန်ရဲတော့ဘူး ရှေ့မှာဖြစ်ထားတော့” ဟုသူဆိုသည်။
ကိုဗစ်ကာလတွင် ရက်လွန်ကုန်သည့် စားသောက်ကုန်များ
သရုပ်ဆောင်ခိုင်နှင်းဝေ၏ ပရဟိအသင်းကို ငလျင်မတိုင်ခင်ကလူအများဆုံးလှူဒါန်းခဲ့သည်မှာ ကိုဗစ်ကာလကဖြစ်သည်။ ကိုဗစ်ဒုတိယလှိုင်းတွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် လူများစွာ သေဆုံးခဲ့ရသည်။ ထိုကာလက အောက်ဆီဂျင်အိုးများ၊ စက်များ၊ အစားအသောက်နှင့် ဆေးဝါးနှင့် အလှူငွေများစွာ လက်ခံရရှိခဲ့သည်ဟု ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ခဲ့သူကိုလင်းနိုင် (အမည်လွှဲ)က ပြောပြ သည်။
“ရွှေတစ်ခါဝယ်ရင် သိန်း ၅၀၀ အဖိုးအထက်ပဲ ပိုင်ဆိုင်မှုတွေအရမ်းများလာတဲ့ကာလပေါ့။ ဂိုဒေါင်ထဲမှာ အလှူရှင်တွေ လာလှူထားတဲ့ အစားအသောက်တွေ ပြန်မလှူဘဲ သိမ်းထားတာရက်လွန်ကုန်တဲ့ အထိပဲ” ဟု သူကဆက်ပြောသည်။
AAMIJ ၏သတင်းရင်းမြစ်များပြောပြမှုအရ သရုပ်ဆောင်ခိုင်နှင်းဝေသည် ယခင်က သန်လျှင်ဘက် အိမ်ဌား နေထိုင်ခဲ့ရကြောင်း၊ သရုပ်ဆောင်သဥ္ဇာဝင့်ကျော်၏ အစ်ကိုဖြစ်သူ စစ်အင်ဂျင်နီယာဗိုလ်နှင့် လက်ထပ်ခဲ့ကြောင်း၊ ထိုနောက်အိမ်ထောင်ကွဲပြီးနောက် စီးပွားရေး အဆင်မပြေခဲ့ကြောင်း သိရသည်။
“အခုဆို သူက Luxury brand (တန်ဖိုးမြင့်၊ဇိမ်ခံအမှတ်တံဆိပ်) တွေပဲ ဝတ်တော့တာ။ နာရီဆိုလည်း သိန်းရာကျော်တန်ကိုသူရည်းစားနဲ့ ဆင်တူဝတ်တာ။ Brand တွေကို လေယာဉ်နဲ့ နေချင်းပြန် ဝယ်တာ” ဟု ကိုလင်းနိုင်ကဆက်ပြောသည်။
AAMIJ ကိုဖြေဆိုပေးသော သတင်းရင်းမြစ်များ၏ အတည်မပြုနိုင်သည့်အခြားပြောကြားချက်မှာ သရုပ် ဆောင်ခိုင်နှင်းဝေသည် ဇိမ်ခံပစ္စည်းများကို ကြေးရတတ်ခရိုနီအသိုင်းအဝိုင်းနှင့် စစ်ကောင်စီတပ် အရာရှိများ၏ဇနီးများအတွက် တဆင့်ဝယ်ယူပေးသည့် လုပ်ငန်းလုပ်ကိုင်သည်ဟု သိရသည်။
ထိုလုပ်ငန်းအပြင် ကျောက်မျက်ရတနာတွေ သယ်ယူရောင်းဝယ်တဲ့ လုပ်ငန်းကို နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်တစ်ဦး၊ မန္တလေးမြို့မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးနဲ့ ခိုင်နှင်းဝေရဲ့ ဝန်ထမ်း အမျိုးသမီးငယ် တစ်ဦးတို့ အတူလုပ်ကိုင်နေသည်ဟု ပြောသည်။
“သူတို့ ကျောက်မျက်တွေ သယ်တာ ရောင်းတာ လုပ်တယ်။ဟောင်ကောင်တို့ ဘာတို့ သွားရောင်းတယ်။ ဂျပန်ဘက်ကိုလည်း စျေးကွက်ချဲ့ဖို့ လုပ်နေကြတယ်” ဟု သူကဆက်ပြောသည်။
AAMIJ အနေဖြင့် ထိုပြောကြားချက်နှင့် ပတ်သတ်၍သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
“သူလုပ်တဲ့အထဲ ကောင်းတာတွေလည်း ရှိပါတယ်။ သူ့ကိုလေးစားကြတဲ့သူတွေလည်းရှိတယ်။ သူ့ကို အမေလို့ ခေါ်နေတဲ့ ကလေးငယ်လေးတွေရဲ့ မျက်နှာလည်းရှိတယ်၊ Public figure တစ်ယောက်အနေနဲ့ သူ့ဆီ စီးဝင်သွားတဲ့ ငွေတွေကိုပွင့်လင်းမြင်သာစွာ ချပြစေချင်တာပါပဲ” ဟုကိုစိန်ထွန်းကမှတ်ချက်ပေး သည်။
သရုပ်ဆောင်ခိုင်နှင်းဝေသည် ၁၉၉၉ ခုနှစ်ဝန်းကျင်တွင်အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး နေထက်လင်း၊ နေမျိုးအောင်၊ ဝေဠုကျော်၊ သီဟတင်စိုးစသည့်သရုပ်ဆောင်မင်းသားများနှင့် အများဆုံး တွဲဖက်၍ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။
နောက်ပိုင်းတွင် ဒုတိယမင်းသမီးအနေဖြင့် ဆက်လက်ရိုက်ကူးခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ရိုက်ကူးလာကြသည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများတွင် ခပ်စိပ် စိပ်ပါဝင်ရိုက်ကူးနိုင်လာသည်ကို တွေ့ရသည်။
လက်ရှိတွင် ငလျင်ဘေးသင့်ဒေသတွေကို အလှူငွေ သိန်းပေါင်းများစွာ လှူဒါန်းပြီးဖြစ်ကြောင်း သူ၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် နေ့စဉ် ဖော်ပြထားသည်။
“သူ့က ပြည်သူလူထု အများစုရဲ့ ယုံကြည်မှုကို ရထားတယ်။အစိုးရတောင် ကောက်ခံလို့ မရတဲ့ အလှူငွေ ပမာဏမျိုး သူခဏလေးနဲ့ ရတယ်။ ဒါတွေကို အကျိုးရှိရှိ အသုံးချစေချင်တယ်။ အကုန်လုံး ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာစာရင်းစစ်တွေနဲ့ ရသုံးငွေ ရှင်းတမ်းတွေနဲ့ ပြန်ပြီး ချပြစေချင်တယ်” ဟု ကိုလင်းနိုင်က ပြောသည်။
ရေးသားသူ ကိုZero
#aamij #Myanmar #MyanmarEarthquake