ဒါယိကာမကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီး မုဒိမ်းမှုအပါ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခံရ
ရောင်နီ
(မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းတွင် သိမ်ကျောင်းအလှူ ဒါယိကာမ အမျိုးသမီးတဦးကို ဓားဖြင့် ၁၅ ချက်ထက်မနည်း ခုတ်သတ်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား လူဝတ်လဲပြီး လှည်းကူးမြို့မရဲစခန်းတွင် မုဒိမ်းမှု၊ သာသနာတော်ညှိုးနွမ်းစေမှုနှင့် လူသတ်မှု စသည့် ပုဒ်မ သုံးခုဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် မေလ ၂၁ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ရွှေအင်တုံကျေးရွာရှိ အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်ခံရသူမှာ အသက် ၄၈ နှစ်အရွယ် ဒါယိကာမတဦးဖြစ်ပြီး ၎င်းသည် အဆိုပါကျောင်းတွင် သိမ်နှင့်ကားများ လှူဒါန်းထားသည့် ဒါယိကာမအရင်းဖြစ်သည်။ ၎င်း၏မိခင်မှာလည်း ထိုကျောင်းတွင် နေထိုင်ပြီး တရားအားထုတ်နေသူဖြစ်သည်။
သတ်ဖြတ်မှုကျူးလွန်သူမှာ အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းမှ အသက် ၄၀ အရွယ် ကျောင်းထိုင်ဆရာတော် ဦးသမ္မာစာရ (ခ) ဦးသန်းဦးဖြစ်သည်။ ၎င်းသည် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် ဒါယိကာမ၏မိခင်နေမကောင်းကြောင်း အကြောင်းပြပြီး မင်္ဂလာဒုံမြို့နယ်ရှိ ၎င်း၏နေအိမ်သို့ ကိုယ်တိုင်လာရောက်ခေါ်ဆောင်ခဲ့သည်။
“အရင်ကလည်း အဲ့လိုလာခေါ်နေကျရှိတယ်၊ အဲ့တော့ လိုက်သွားတာပေါ့။ အဲ့နေ့ကတော့ ကျောင်းရောက်တာနဲ့ သင်္ကန်းလျော်ခိုင်းဖို့ အကူအညီတောင်းတယ်။ အဲ့လိုသွားလျော်နေတဲ့အချိန် နောက်ကလိုက်ပြီး မုဒိမ်းကျင့်ဖို့ကြိုးစားတာမှာ လက်မခံတော့ စကားများကြရင်း ဓားနဲ့ ခုတ်သတ်လိုက်တာ” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။
မုဒိမ်းကျင့်ရန် ကြိုးစားစဉ် ဒါယိကာမ ရုန်းကန်ခဲ့ရာ ၎င်း၏မိခင်ဖြစ်သူက တားမြစ်နေသည့်အခါ ကျောင်းထိုင်ဘုန်းကြီးက ဒါယိကာမအား ၎င်း၏မိခင်ရှေ့တွင်ပင် ဓားဖြင့်ခုတ်သတ်ခဲ့ပြီး ကားမောင်း၍ ထွက်ပြေးသွားခဲ့သည်။
ထွက်ပြေးသွားသည့် ကျောင်းထိုင်ဘုန်းကြီးအား မေလ ၂၁ ရက်နေ့ ညပိုင်းတွင် အမြန်လမ်း ၁၅ မိုင်ဘုရားအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းအား လူဝတ်လဲပြီး လှည်းကူးရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ မုဒိမ်းမှုနှင့် လူသတ်မှု ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။
“ဒီဘုန်းကြီးက လှည်းကူးမှာ ဘုန်းကြီးကျောင်း လာဆောက်ပြီးနေတာ မကြာသေးဘူး။ အသတ်ခံရတဲ့ ဒကာမကလည်း ဟိုးအရင် ဒီမှာ ဘုန်းကြီးကျောင်း လာမဆောက်ခင်ကတည်းက ကျုးလွန်တဲ့ ဘုန်းကြီးကို လှူဒါန်းမှုတွေ ဆက်တိုက်လုပ်လာတဲ့သူလို့ သိရတယ်” ဟု လှည်းကူးမြို့ခံတဦးက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် လေးနှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့တွင် ဒုစရိုက်မှုများ ပိုမိုဆိုးရွားလာပြီး လုယက်မှုနှင့် လူသတ်မှုများ မကြာခဏဖြစ်ပွားနေသည်။ သို့သော် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက ယနေ့အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ- ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းတွင် သိမ်ကျောင်းအလှူ ဒါယိကာမ အမျိုးသမီးတဦးကို ဓားဖြင့် ၁၅ ချက်ထက်မနည်း ခုတ်သတ်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား လူဝတ်လဲပြီး လှည်းကူးမြို့မရဲစခန်းတွင် မုဒိမ်းမှု၊ သာသနာတော်ညှိုးနွမ်းစေမှုနှင့် လူသတ်မှု စသည့် ပုဒ်မ သုံးခုဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
