စစ်ကောင်စီ၏ ရွေးကောက်ပွဲ အစီအစဉ်ကို နိုင်ငံရေးလှည့်ဖျားမှုအဖြစ် အာဆီယံ ဥက္ကဌ ပယ်ချ

by

in

စစ်ကောင်စီ၏ ရွေးကောက်ပွဲ အစီအစဉ်ကို နိုင်ငံရေးလှည့်ဖျားမှုအဖြစ် အာဆီယံ ဥက္ကဌ ပယ်ချ
26 May 2025 By Thai Enquirer
အာဆီယံ၏ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မလေးရှားနိုင်ငံက မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်ရန် တောင်းဆိုလိုက်ပြီး စစ်ကောင်စီ၏ အဆိုပြုထားသော ရွေးကောက်ပွဲများကို နိုင်ငံရေးလှည့်ဖျားမှုအဖြစ် ပယ်ချလိုက်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ၂၀၂၁ ခုနှစ်က မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုလျက် နယ်စပ်များသို့ ပိုမိုပျံ့နှံ့နေကြောင်း သတိပေးခဲ့သည်။
အာဆီယံ၏ ရပ်တည်ချက်ဖြစ်သည့် ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု ရပ်တည်ချက်ကို ထပ်မံ အတည်ပြုခဲ့သလို အာဆီယံသည် အကျပ်အတည်းကို ပြည်တွင်းမှဖြေရှင်းရေးအတွက် အလေးထားတိုက်တွန်းခဲ့သည်။
မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သော ငလျင်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အခွင့်အရေးအသစ်တစ်ခု ဖန်တီးပေးခဲ့ကြောင်းလည်း ဟာဆန်က ပြောကြားသည်။
အာဆီယံ၏ ထိတွေ့ဆက်ဆံမှုကို အားကောင်းစေရန် ရည်ရွယ်၍ ဟာဆန်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းအထူးသံတမန်တစ်ဦးကို သုံးနှစ်သက်တမ်းဖြင့် ခန့်အပ်ရန် အစီအစဉ်များကို ကြေညာခဲ့ပြီး လက်ရှိဥက္ကဋ္ဌတာဝန်နှင့်အတူ နှစ်စဉ်အလှည့်ကျ တာဝန်ယူရသည့်စနစ်ကို အစားထိုးသွားမည်ဟုဆိုသည်။ အထူးသံတမန်အသစ်သည် ဇွန်လတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု မျှော်လင့်ရသည်။
ဟာဆန်က မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည့် မည်သည့်ရွေးကောက်ပွဲမဆို တရားဝင်အဖြစ် သတ်မှတ်ခံရရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
အတိုက်အခံအဖွဲ့အများစုကို ပိတ်ပင်ထားခြင်း သို့မဟုတ် မဲပေးခြင်းကို မြန်မာပြည်သူများက ကန့်ကွက်နေကြကြောင်း၊ စစ်တပ်သည် နိုင်ငံ၏ နေရာအများအပြားအား ထိန်းချုပ်မှု ဆုံးရှုံးနေကြောင်း ထောက်ပြခဲ့သည်။
“နိုင်ငံတကာအသိုက်အဝန်းကို အထင်အမြင်လွဲမှားစေဖို့အတွက် ရွေးကောက်ပွဲလုပ်နေတာ ဘာအဓိပ္ပာယ်ရှိလဲ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မေးခွန်းထုတ်ခဲ့သည်။
မလေးရှားသည် တိုက်ရိုက်ဆွေးနွေးမှုများ အဆင်ပြေစေရန် စစ်ကောင်စီနှင့် အတိုက်အခံအဖွဲ့နှစ်ခုလုံးနှင့် သီးခြားဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
ထိုင်းဝန်ကြီးချုပ် ပေသုန်တန် ရှင်နာဝပ်က မလေးရှား၏ ရပ်တည်ချက်ကို ထောက်ခံပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် တည်ငြိမ်မှုပြန်လည်တည်ဆောက်ရေး၏ အရေးပါပုံကို အလေးပေးပြောကြားကာ ငြိမ်းချမ်းသော နိုင်ငံရေးပြောင်းလဲမှုကို မောင်းနှင်ရာတွင် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့သည်။
ထိုင်းနိုင်ငံက မလေးရှား၏ သံတမန်ရေးရာ ကြိုးပမ်းမှုများနှင့် မြန်မာငလျင်ဒဏ်ခံရသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပါဝင်ကူညီရန် ကတိပြုခဲ့သည်။ ဝန်ကြီးချုပ်ပေသုန်တန်က ငြိမ်းချမ်းရေးမြှင့်တင်ရန်၊ နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း ပြန်လည်အတည်ပြုခဲ့သည်။
ထိုင်းဝန်ကြီးချုပ်က ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်ခံစားရသော လူမှုအသိုက်အဝန်းများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ရန်လည်း ထပ်မံတောင်းဆိုခဲ့သည်။
#စစ်ကောင်စီ #ရွေးကောက်ပွဲ #နိုင်ငံရေးလှည့်ဖျားမှု #အာဆီယံဥက္ကဌပယ်ချ #MPA