၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်.. စစ်အုပ်စုဘက်မှ ၄ဦးသေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ..

by

in

၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်..
စစ်အုပ်စုဘက်မှ ၄ဦးသေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ..
မေ ၂၅၊ ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်း နဲ့ ဂတ်(စ်)ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်လိုင်းစခန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
မေလ ၁၅ရက်၊ မနက် ၆နာရီအချိန်ကစလို့ နွားထိုးကြီးမြို့မရဲစခန်းနဲ့ ထန်းဇင်ရွာ၊ ဂတ်စ်ပိုင်းလိုင်းနေရာက စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ဝင်​ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ပွဲကို နွားထိုးကြီး ပကဖနဲ့အတူ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းက ဖော်ဆောင်ခဲ့တာဖြစ်ပြီး ၉/အညာမြေ စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအပြီး စစ်အုပ်စုဘက်က မျက်မြင် ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်စောင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် လက်နက် ၂လက်နဲ့ ဂတ်(စ်)ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲက မနက်၆နာရီကနေ ညနေ၅နာရီအထိ ၁၁နာရီလောက် ကြာပါတယ်။ မြို့ပေါ်နဲ့ ဂတ်စ်ပိုက်လိုင်း တစ်ပြိုင်နက်တည်းဖြစ်တာပါ။ စခန်းသိမ်းဆည်းရမိခဲ့ပါတယ်။ လက်ရှိကတော့ စစ်ရေးအခြေအနေအရရော၊ ခရိုင်စစ်ဆင်ရေးဖြစ်လို့ ဖြေလို့မရသေးပါဘူး။” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်က Mi-35၊ Y-12နဲ့ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ အသည်းအသန် လုပ်ဆောင်ခဲ့သလို နွားထိုးကြီး ပကဖ တပ်ဖွဲ့ဝင် ၁ယောက်လည်း ကျဆုံးခဲ့ရပါ​​​တယ်။
မြင်းခြံခရိုင်စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးမှူးရဲ့စီမံမှုနဲ့အတူ မြင်းခြံ၊ ကျောက်ဆည်၊ မိတ္ထီလာ အခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေက မေလ၁၅ရက်နေ့ကစပြီး မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေမှာ ခရိုင်အဆင့်တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စု ၅၀ ကျော် သေဆုံးထားပြီးစစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတာလည်း ဖြစ်ပါတယ်။
ပုံစာ – နွားထိုးကြီးမြို့နယ်ပကဖ ရဲဘော်များနှင့် ဂတ်စ်ပိုက်လိုင်း နေရာ