AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီး အကျယ်စုဆောင်းပြီး စစ်သင်တန်းများနှင့် ရက်တို ပစ်ခတ်မှု သင်တန်းများ ဆက်တိုက်ပေးနေ
ရန်ကုန်၊ မေ ၂၆
ဧရာ၀တီတိုင်းတွင် AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီးအကျယ်စုဆောင်းပြီး စစ်သင်တန်းများ ဆက်တိုက်ပေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
AA နှင့် PDF များ ဝင်ရောက်လာ၍ လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ၊ ကွင်းကောက်တို့တွင် စစ်သားများ အကြီးအကျယ် စုဆောင်းနေပြီး ပြည်သူ့စစ်သင်တန်းများ ပို့ချလျက်ရှိကြောင်း၊ ကျေးရွာများတွင် နေ့စဉ် လူငယ်များ ဆက်တိုက် ဖမ်းဆီးခံနေရကြောင်း၊ တပ်သားသစ်များ စုဆောင်းရာတွင် စစ်တပ်က တိုက်ရိုက် ဖမ်းဆီးခြင်းရှိသကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများ ဖမ်းဆီးပို့ဆောင်မှုများ ရှိနေကြောင်း သိရှိရသည်။
အင်္ဂပူမြို့နယ်တွင် အဓိကအားဖြင့် အမှတ် ၅ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တကက-၅) တွင် စစ် မှုထမ်း တပ်သားသစ်များကို အဓိက စုဆောင်းနေခြင်းဖြစ်ပြီး အဆိုပါ တကက- ၅ မှာ စစ်မှုထမ်းတပ်သားများမှာ AA နှင့် PDF များကို အဓိက ခုခံမည့် တပ်သားသစ်များ ထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“တကက-၅ ကတော့ အင်္ဂပူမြို့နယ်မှာရှိတဲ့ မဲဇလီကုန်းမြို့၊ ကွင်းကောက်ဒေသ လူငယ်တွေအကုန်လုံးပါပဲ ပေါ်တာဆွဲပြီး အဲဒီမှာ စစ်ရေးလေ့ကျင့်ပေးတာ။ ရက်တိုပဲ။ နောက်ပြီး မဲဇလီကုန်းမြို့မှာလည်း ရက်တို ပစ်ခတ်မှု သင်တန်းတွေ ပေးနေတယ်။ ကွင်းကောက်ဘက် ရွာတွေမှာလည်း နေ့တိုင်း လူငယ်တွေ ပေါ်တာဆွဲခံရတာတွေ ဖြစ်နေတယ်။ ဘယ်လူငယ်မှ ရွာမှာ မနေရဲဘူး။ ညအိပ်ရင် တောထဲ သွားအိပ်ရတယ်။ စစ်တပ်က ဝင်ပြီး ခဏခဏ ပေါ်တာဆွဲနေလို့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ နွားခြံကျေးရွာအုပ်စုတွင် စစ်တပ်သတင်းပေး သိန်းဇော်၊ တပ်ကြပ်သိန်းထွန်း၏ မိန်းမ သင်းသင်းမိုး၊ မိနီတို့က စစ်တပ်အတွက် စစ်သားသစ်စုဆောင်းပေးခြင်းနှင့် စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်များ တွေ့ရှိပါက တကက-၅ ထံသို့ ဖုန်းဆက်ကာ ဖမ်းဆီးခိုင်းကြောင်း၊ စစ်တပ်က သတင်းပေးနှင့် အမာခံများကို လွှတ်ကာ စစ်သားသစ်များ ဖမ်းဆီးခိုင်းခြင်းနှင့် သတင်းပေးခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“အင်္ဂပူမြို့နယ်၊ ဂရက်ရွာသား တစ်ဦး၊ နွားခြံအုပ်စု ကုန်းတောင်နီရွာဘက်မှာ ငါးသွားရှာရင်း သတင်းပေးတွေက ဖုန်းဆက်ပြီး ဖမ်းခိုင်းလို့ တကက-၅ က ဝင်ဖမ်းတယ်။ အဓိက စစ်မှုထမ်းရှာတာ။ မေလ ၂၁ ရက်နေ့ကလည်း ခရီးသွား လူငယ်တွေတွေ့လို့ တကက-၅ ကနေ ဝင်ဖမ်းတယ်။ လူငယ်တွေကို တကက-၅ ထဲ ဖမ်းခေါ်သွားတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဧရာဝတီတိုင်း၊ဘိုကလေးမြိုနယ်၊ ကျွန်းညိုကြီးကျွန်းဒေသတွင်လည်း ယခုမေလအတွင်း စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပေါ်နေကြောင်း၊ ဧရာ၀တီတိုင်းအတွင်းနှင့် အင်္ဂပူမြို့နယ်ဘက်တွင် ခံစစ်ပြင်ရန်အတွက်ဟုဆိုကာ စစ်တပ်က လူငယ်များကို ဝင်ရောက် ဖမ်းဆီး ပေါ်တာဆွဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘိုကလေးဘက်မှာ စစ်တပ်က လူငယ်တွေကို နေ့ရော ညပါ လိုက်ဖမ်းဆီးနေတာ။ တချို့ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့ဘူး။ သေသလားရှင်သလား မသိဘူး။ ထွက်ပြေးသူတွေရဲ့မိဘတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ပြန်ခေါ်ပေးဖို့ စစ်တပ်က အကျပ်ကိုင်တယ်။ အခုချိန်အခါ လယ်ယာမြေလုပ်ဖို့ မိုးတွင်းကာလ လယ်လုပ်မယ့်သူတောင် မရှိတော့အထိ ရွာဘက်တွေမှာ အခြေအနေ ဆိုးနေတာ။ တပ်က ပြောတာက ဧရာ၀တီတိုင်းကို ဧရာ၀တီတိုင်းက လူငယ်တွေနဲ့ပဲ ပြန်ကာကွယ်ဖို့ လုပ်ရမယ်ဆိုပြီး လူငယ်တွေ ကို လိုက်ဖမ်းနေတာ” ဟု ဘိုကလေးမြို့နယ်၊ ကျွန်းညိုကြီးကျွန်းမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
AA ဦးဆောင်သော တော်လှန်ရေးတပ်များက လေးမျက်နှာမြို့နယ်အတွင်း ရောက်ရှိနေကော စစ်ကောင်စီတပ်စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်မှုများကို ယခုနှစ်ဆန်းပိုင်းလုပ်ဆောင်ခဲ့ကြကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားသည်။