မန္တလေး စျေးချိုအနီး အင်းဝဘဏ်မှာ ဂိတ်အစောင့် စစ်အုပ်စု အချင်းချင်း ပစ်ခတ်မှုဖြစ်၊
စစ်အုပ်စုက ကားလမ်းပိတ်ထားပြီး စျေးသည်တချို့ ထိတ်လန့်ထွက်ပြေး၊
ဒေါ်လာ/MFP၊ မေ- ၂၅
မန္တလေးမြို့၊ စျေးချိုတော်နဲ့ နာရီစင်အနီး၊ ၈၄လမ်းနဲ့ ၂၆လမ်းထောင့်က စစ်အုပ်စုပိုင် အင်းဝဘဏ်မှာ ဂိတ်စောင့်နေရတဲ့ စစ်အုပ်စု အချင်းချင်း မေလ ၂၅ရက် ဒီကနေ့ မွန်းလွဲ ၁၂နာရီကျော်အချိန် သေနတ်ပစ်ခတ်မှု ဖြစ်ပွားတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု အချင်းချင်း သေနတ်နဲ့ပစ်တာ ဖြစ်ပြီး ပထမ လေးချက်နဲ့ ဒုတိယအကြိမ် သုံးချက်၊ သေနတ်သံ ခုနှစ်ချက်ခန့် ကြားရတယ်လို့ ဆိုပါတယ်။
“သေသလား၊ ဒဏ်ရာရသလား မသိရဘူး၊ နာရေးကားနဲ့ လာတင်သွားတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စျေးချိုတော်၊ နာရီစင်အနီး အင်းဝဘဏ် လမ်းတွေ ပိတ်ဆို့ထားတယ်လို့လည်း ဆိုပါတယ်။
သေနတ်သံတွေ ကြားရပြီးတော့ အနီးအနားက စျေးသည်တချို့ ဆိုင်တွေပိတ်ကာ စျေးသည်စျေးဝယ်တွေ ထွက်ပြေးကြတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
မန္တလေးမြို့အနှံ့ စစ်အုပ်စု၊ ရဲ၊ ပျူစောထီး၊ အပြာရောင်ယူနီဖောင်းဝတ် ရပ်ရွာလုံခြုံရေးအဖွဲ့၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်နဲ့ စည်ပင်တွေ ကြီးစိုးသောင်းကျန်းနေပြီး လမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ လောင်းကစားနဲ့ မူးယစ်ဆေး အရောင်းအဝယ် လုပ်ငန်းတွေကို ဆက်ကြေးကောက်တာ၊ ထောင်ထွက်တွေကို ခိုး၊ဆိုး၊ လုယက်မှု ကျူးလွန်စေပြီး ခိုးရာပါ ပစ္စည်းတွေ ခွဲဝေရယူတာ စတာတွေကို ကျူးလွန်နေပါတယ်။ စစ်အုပ်စု လက်နက်ကိုင်တွေဟာ အဲ့လို နည်းမျိုးစုံနဲ့ ကျူးလွန်ကာ ရရှိလာတဲ့ ငွေကြေးကို အချင်းချင်း ခွဲဝေယူကြပြီး တခါတရံ အဝေမတည့်လို့ အချင်းချင်း ပြန်လည် ဖမ်းဆီးတာ၊ ပစ်ခတ် သတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။
မန္တလေး နာရီစင်နဲ့ စစ်အုပ်စုပိုင် အင်းဝဘဏ် (ပုံဟောင်း)/Photo – CJ
