ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရ
ရန်ကုန်၊ မေ ၂၅
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကျေးရွာရှိ မင်္ဂလာ ဆောင်နေအိမ်ပေါ်သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲမှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၀ ဦးကျော်ရှိကြောင်း သိရှိရသည်။
“မြို့နယ်အပိုင်က ရွှေကျင်မြို့နယ်ထဲမှာမဟုတ်ဘူး။ ကျောက်ကြီးမြို့နယ်ထဲမှာပါ။ ဒီမနက် ၈ နာရီ ၅၅ မိနစ်အချိန် ကျွန်းကြီးကျေးရွာထဲမှာ ရှိနေတဲ့ မင်္ဂလာဆောင် နေအိမ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်တာပါ။ အခုထပ်တိုးတာက ပြည်သူ ၁၀ ဦးသေဆုံးပါတယ်။ ဒဏ်ရာရသူ ၂၀ ဦးကျော်ရှိပါတယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။
ကျောက်ကြီးမြို့နယ်အတွင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေပြီး စစ်ကောင်စီက နယ်မြေစိုးမိုးမှုမှာ တော်လှန်ရေးတပ်များက အဓိက စိုးမိုးထားကြောင်း၊ စစ်တပ်က ယနေ့ နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများမှာ အရပ်သား ပြည်သူများဖြစ်ကြောင်း သိရှိရသည်။