ဧရာဝတီနှင့် ရန်ကုန်အစပ်ရှိ ပန်တိုင်ဂိတ်တွင် အသက် ၃၀ နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်းမရှိသည့် ခရီးသွားများထံမှ ကျပ်ငွေ ၄၀၀၀ နှင့်အထက် တောင်းယူနေ

by

in

ဧရာဝတီနှင့် ရန်ကုန်အစပ်ရှိ ပန်တိုင်ဂိတ်တွင် အသက် ၃၀ နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်းမရှိသည့် ခရီးသွားများထံမှ ကျပ်ငွေ ၄၀၀၀ နှင့်အထက် တောင်းယူနေ
ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအစပ်မှာရှိတဲ့ ညောင်တုန်းမြို့နယ်၊ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အသက် ၃၀ ပြည့် မှတ်ပုံတင်သက်တမ်းလဲလှယ်ခြင်းမပြုရသေးသည့် ခရီးသွားပြည်သူများကိုပစ်မှတ်ထားပြီး ကျပ် ၄၀၀၀ နှင့် အထက် ငွေကြေးတောင်းခံနေကြောင်း ခရီးသွားများထံမှ သိရသည်။
အသက် ၃၀ ကျော်အရွယ်များအနေဖြင့် မှတ်ပုံတင် ကတ်အသစ်လဲလှယ်ထားခြင်းမရှိသောကြောင့် ကျပ်ငွေ ၄၀၀၀ ပေးဆောင်ရန် တောင်းယူခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူထံမှ သိရသည်။
“မနေ့က ရန်ကုန်သွားတော့ တစ်ယောက်ကို ၄၀၀၀ ကျော်တောင်းတာ မြင်ရတယ်။ ဂိတ်တိုင်းတောင်း နေကြတာ။ တစ်ဂိတ်နဲ့တစ်ဂိတ် နီးနီးလေးပဲ မိနစ် ၂၀ လောက်မောင်းရင် ရောက်ပြီ။ အထက်ကို ပေးရမယ်ဆိုပီး ပြောတောင်းတယ်။ ပိုက်ဆံတောင်းဖို့ သက်သက်လုပ်နေသလိုပဲ။ ကားသမားတွေဆို လည်း မကြာခဏရပ်ရတော့ အတော်လေးစိတ်ပျက်နေကြပြီ” ဟု ခရီးသွားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ခရီးသွားပြည်သူများထံမှ တောင်းယူသည့် ငွေများကို စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ထံသို့ ပြန်လည်ပေးသွင်းရမည်ဟု စစ်ကောင်စီတပ်က ပြောဆိုကြောင်း ခရီးသွားအချို့ထံမှ သိရသည်။
အခြားစစ်ဆေးရေးဂိတ်များတွင် အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိသည့် လူငယ်အချို့ကို တင်းတင်း ကျပ်ကျပ်စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အပြင် ငွေမပေးနိုင်ပါက ခေါ်ယူထားကာ မိဘများထံ အကြောင်းကြားငွေတောင်းယူပြီးမှ ပြန်လွှတ်ပေးကြောင်း ဒေသခံများက ဆိုသည်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း၊ သာပေါင်းအစပ်များတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး တော်လှန်ရေး တပ်ပေါင်းစုများ ဝင်ရောက်မလာစေရန်အတွက် စစ်ဆေးရေးဂိတ်အများစုတွင် ယခုလို တင်းကျပ်စွာ ရှာဖွေစစ်ဆေးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ – ပန်တိုင်စစ်ဆေးရေးဂိတ် (ပုံဟောင်း)