ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စကစနဲ့အတူ ဒရုန်း၊ တင့်ကားတွေမှာ ရုရှားနိုင်ငံသားတွေပါ ပါဝင်တိုက်ခိုက်နေ
BBM-မေ၂၃
သတင်း-ခက်ဆစ်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နဲ့အတူ ဒရုန်းအဖွဲ့နဲ့ တင့်ကားတွေမှာ ရုရှားနိုင်ငံသားတွေပါ ပါဝင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးနီးစပ်သူတွေ ပြောဆိုချက်အရ သိရပါတယ်။
မေလ ၂၁ ရက်နေ့ကတည်းက ညောင်ဦးမြို့နယ် အနောက်ခြမ်းနဲ့ ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း အနောက်ဖက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိကြောင်းနဲ့ ရုရှားနိုင်ငံသားအချို့က ဒရုန်းမောင်းနှင်သူတွေအဖြစ် ပါဝင်နေသလို တင့်ကားတွေပါတဲ့ စစ်ကြောင်းမှာလည်း လိုက်ပါနေကြောင်း သိရပါတယ်။
“ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေပါတယ်၊ ရုရှားတွေပါတာလည်း ဟုတ်တယ်၊ Drone မောင်းတဲ့ကောင်တွေ ၃ ယောက်၊ ၁ ယောက်က စစ်ကြောင်းထဲပါတယ်၊ ၂ ယောက်က တောင်ဇင်းရဲစခန်းထဲမှာ နေတာလို့ သိရတယ်” လို့ ဒေသခံ စစ်ရေးနီးစပ်သူ တစ်ဦးက BBM ကိုပြောပါတယ်။
“ညောင်ဦးမြို့အဝင်မှာ တင့်ကား ၅ စီးရပ်ထားတာ၊ အဲဒီရှေ့မှာ နိုင်ငံခြားသား ၃ ယောက်၊ စစ်ယူနီဖောင်းတွေနဲ့ တွေ့တယ်၊ ကျနော်က အစက တရုတ်တွေမှတ်နေတာ ပြီးတော့မှ သူတို့က ရုရှားလိုတွေ ပြောနေကြတာ” လို့ ခရီးသွားပြည်သူ တစ်ဦးကလည်း သူတွေ့ကြုံခဲ့ရတာကို ပြောပြပါတယ်။
ညောင်ဦးမြို့နယ်၊ တနောင်းကုန်းပျူရွာအနီးရှိ စက်စက်ယို(ယောင်ပေစူး) ကနေ ပုပ္ပါးတောင်ခြေအထိ တိုက်ပွဲတွေဖြစ်ပွားနေသလို ကျောက်ပန်းတောင်း- ညောင်ဦးကားလမ်းအနောက်ဘက်၊ နတ်ပလ္လင်ရွာ၊ ကျောက်ပြင်ကန်ရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အဆိုပါ တင့်ကားတွေပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ညောင်ဦးမြို့အဝင် ခမရ ၄၁၅ မှာ အထိုင်ချခဲ့သလို လက်ရှိမှာ တောင်ဇင်းရဲစခန်းမှာ အထိုင်ချထားကြောင်းနဲ့ ကျောက်ပန်းတောင်း၊ ပုပ္ပါးနဲ့ ချောက်ဘက်တွေကို ဦးတည်နေတယ်လို့ သတင်းရရှိပါတယ်။
