ပြင်ဦးလွင်မြို့နားက ခြံတွေကို စစ်တပ်က ဘူဒိုဇာနဲ့ထိုးဖျက်
မေ ၂၃၊၂၀၂၅/People’s Spring
စစ်ကောင်စီရဲ့ နယ်မြေတစ်ခုဖြစ်တဲ့ ပြင်ဦးလွင်မြို့အနီးက လယ်ယာမြေတွေပေါ်မှာ ခြံခတ်ထားတဲ့ ခြံဝန်းတွေကို စစ်တပ်က ဒီနေ့(မေလ ၂၃ရက်)မှာ ဘူဒိုဇာတွေနဲ့ ထိုးဖျက်ဆီးနေတယ်လို့ အဲဒီမြို့ခံတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့အနီးက ကုန်းဘော၊မဟာအောင်မြေရပ်ကွက်က လယ်ယာမြေတွေကိုအကွက်ရိုက်ပြီး အုတ်တံတိုင်းကာထားတာတွေအားလုံးကို ဘူဒိုဇာနဲ့ထိုး ဖျက်ဆီးနေတာလို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ အရောင်းအဝယ် ကောင်းနေတဲ့ မိုးကြိုး၊အင်းထိပ်ဦး၊ပွဲကောက်၊ကြီးကိုင်၊အနီးစခန်း ရပ်ကွက် တွေကိုလည်း စီမံချက်နဲ့ ရှင်းလင်းသွားမယ်လို့ ပြင်ဦးလွင်မြို့၊စည်ပင်သာယာရေးကော်မတီက သတိပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မီးတိုင်တွေကအစ အကုန်ဖျက်နေတာ။အရင်ကအာမခံရောင်းနေတဲ့ပွဲစားတွေလည်း အကုန်ရှောင်ကြပြီ။အခုကတော့ အဆောက်အဦးနဲ့ အုတ်တံတိုင်းတွေကိုထိုးဖျက်နေတုန်းပဲ။ပြန်သိမ်း၊ မသိမ်းမသိသေးဘူး။စီမံကိန်းရှိတယ်လို့လည်း ကြားနေတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်တင်ထားပြီး ပုံစံ ၇/၁၀၅ ကျထားတဲ့ မြေကွက်တွေကို အုတ်တံတိုင်းခတ်ကာ နေအိမ်ဆောက်လုပ်တာ တွေကို စစ်တပ်က တရပ်ကွက်ချင်းလိုက်ဖျက်နေတာမို့ ရောင်းမှားဝယ်မှားမဖြစ် စေရေးစိစစ်ကြဖို့လည်း မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ရက်ကလည်း ပြင်ဦးလွင်မြို့၊ရေချမ်းအိုးရွာရဲ့ အရှေ့ဘက်နဲ့ ပြင်ဦးလွင် စင်တာအနီးက ခြံဝန်းတွေကိုလည်း ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့ပါသေးတယ်။
ရေချမ်းအိုးကျေးရွာက မြေနေရာတချို့ကို ဖျက်ဖို့ စာကပ်တာနဲ့ မီတာဘောက်တွေပြန်လည်သိမ်းယူတာတွေ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ၂၂ရက်နေ့မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးတွေကိုယ်တိုင် ကွင်းဆင်းပြီး နေအိမ်တွေကို ဖျက်ဖို့ မှင်နီတွေနဲ့ရေးသားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖျက်ရမယ့် နေရာဟာ ရေချမ်းအိုးရွာရဲ့အရှေ့ဘက်နဲ့ ပြင်ဦးလွင်စင်တာအနီးက မြေကွက်၊
ရေချမ်းအိုးနဲ့ ရေငယ်ကြားထဲက မြေကွက်တွေဖြစ်တယ်လို့ သိရပါတယ်။ အဲဲဒီအနီးမှာ ပုလဲဖြူစွယ်တာအရောင်းဆိုင်ရှိပြီး ဆိုင်ဘေးနဲ့အတွင်း ဘက်လမ်းတွေမှာ အရောင်းအဝယ်အလွန်ဖြစ်တာ အိမ်ခြေထောင်နဲ့ချီဆောက်လုပ်ထားတာတွေ ဖျက်ရမှာလို့ သိရပါတယ်။
အဲဒီနေရာအကျယ်အဝန်းဟာ ဧက ၂၀၀ရှိတာကြောင့် ဒေသခံတွေကတော့ ဧက၂၀၀အကွက်လို့ ခေါ်ကြပါတယ်။ အဲဒီနေရာကို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ စီမံကိန်းလုပ်ဖို့ဆိုပြီး ဖယ်ရှားဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
(ပြင်ဦးလွင်မြို့အနီးက လယ်ယာမြေတွေပေါ်မှာ ခြံခတ်ထားတဲ့ ခြံဝန်းတွေကို စစ်တပ်က ဒီနေ့(မေလ ၂၃ရက်) ဘူဒိုဇာတွေနဲ့ ထိုးဖျက်ဆီးနေစဉ်။ ဓာတ်ပုံ − CJ)