စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရေး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တာဝန်ပေး ၊ ရန်ကုန်တွင် စိုးဝင်း ရောက်ရှိချိန် အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်သတ်ခံရမှု တပ်နယ်မှူးများ လုံခြုံရေး ပေါ့လျော့မှုဖြင့် သတိပေးခံရ

by

in

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရေး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တာဝန်ပေး ၊ ရန်ကုန်တွင် စိုးဝင်း ရောက်ရှိချိန် အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်သတ်ခံရမှု တပ်နယ်မှူးများ လုံခြုံရေး ပေါ့လျော့မှုဖြင့် သတိပေးခံရ
ရန်ကုန်၊ မေ ၂၃

မြန်မာနိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပရန်၊ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် အတွက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တာဝန်ယူလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီက ယခုနှစ်ကုန်၊ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားပြီး ယင်းသို့ ကျင်း ပ နိုင်ရေးအတွက် ဆုံးရှုံးနယ်မြေများအနက်မှ မြို့နယ်တချို့ကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်သည်အထိ ပြန်လည် ရရှိရေး၊ ရှိရင်းစွဲ စစ်တပ်က ထိန်းချုပ်ထားသော နယ်မြေများတွင် အေးချမ်းစွာဖြင့် ရွေးကောက်ကျင်းပနိုင်ရေးအတွက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
“ကစထမှူးတွေနဲ့ စစ်တိုင်းမှူးတွေ၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ်တွေအားလုံးက ရွေးကောက်ပွဲ ကျင်းပဖို့ လုံခြုံမှု ရှိစေရေး လုံခြုံရေး အစီအမံတွေ စပြီး လုပ်ခိုင်းနေပြီ။ အဲဒီအတွက် ဦးစီးဆောင်ရွက်မယ့်သူက ဒုတပ်ချုပ်ဖြစ်ပါတယ်။ သူက လုံခြုံရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှာဖြစ်ပါတယ်။ မေလဆန်းပိုင်းမှာ လုပ်တဲ့ စစ်ဘက်ဆိုင်ရာ အစည်းအဝေးတွေနဲ့ အရပ်ဘက် အစည်းအဝေးတွေမှာ အဲဒါကို တရားဝင်ဆုံးဖြတ်ပြီးတော့ ဒုတပ်ချုပ်က တာဝန်ယူလိုက်တယ်လို့ သိရ့ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ပြန်လည်ရရှိရေး အောင်ဇေယျစစ်ကြောင်းကို ဦးဆောင်ခဲ့ဖူးသော်လည်း ယင်းအောင်ဇေယျစစ်ကြောင်းမှာ မည်သည့် အောင်မြင်မှု မရှိဘဲ လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများအားလုံးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်နေခြင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ခံရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ပြင် ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိနေပြီး ယင်းအချိန် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်သတ်ခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်အတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသော တပ်နယ်မှူးများ သတိပေးခံရကြောင်း၊ ဖြစ်စဉ်တွင် ကျူးလွန်သူများကို မဖြစ်မနေ ဖမ်းဆီးဖော်ထုတ်ရန် ဒုစစ်ခေါင်းဆောင်က အမိန့်ပေးလာကြောင်း သိရှိရသည်။
“မနေ့ ရန်ကုန်မှာ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်ခတ်လုပ်ကြံခံရချိန်မှာ ဒုချုပ်က ညောင်နှစ်ပင်နဲ့ ကမ္ဘာ အေးကို ကူးသန်းနေတဲ့အချိန်ပါ။ လုံခြုံရေးပေါ့လျှော့မှုနဲ့ တပ်နယ်မှူးတွေ သတိပေးခံရတယ်။ ပစ်ခတ်လုပ်ကြံသူကို မဖြစ်မနေ ရှာဖွေ ဖမ်းဆီးဖို့ အမိန့်ပေးပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်သတ်ခံရသည့် နေရာပတ်ဝန်းကျင် လမ်းတလျှောက်မှ CCTV များနှင့် မီးပွိုင့်များတွင် ချိတ်ဆက်ထားသော CCTV ဗီဒီယိုမှတ်တမ်းများကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) နှင့် စစ်တပ် တပ်နယ်မှူးများက လိုက်လံ သိမ်းဆည်းနေကြောင်း၊ CCTV မှတ်တမ်းများမှတစ်ဆင့် ပစ်ခတ်လုပ်ကြံသွားသူများကို ဖမ်းဆီးနိုင်ရေး စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။