ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက် အနီးမှာ အင်အား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
လေးဝတီ FM
၁၉ ၊ မေ ၊ ၂၀၂၅
ကျောက်ဖြူက ရွှေသဘာဝဓာတ်ငွေ့ သိုက်နဲ့ ၊ ကမ်းလွန်ရေနံလုပ်ကွက်တွေ တူးဖော်နေတဲ့ ရေပြင်မှာ အင်အား ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မနေ့ညက လှုပ်ခတ်သွားခဲ့ပါတယ်။
မေလ ၁၉ ရက် မနက် ၁း၄၅ အချိန်က စစ်တွေငလျင်စခန်းနဲ့ အရှေ့တောင်ဘက်မိုင် ၉၀ ခန့်အကွာ ၊ ကျောက်ဖြူမြို့ တောင်ဘက် ၂၉ မိုင်ခန့် အကွာ
စစ်တွေနဲ့ ကျောက်ဖြူကြားက ပင်လယ် ရေပြင် က နေ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဒီငလျင်လှုပ်ခတ်ခဲ့တဲ့ရေပြင်ဧရိယာ ထဲ မှာ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက် တွေ နဲ့ အတူ ကမ်းလွန်ရေနံလုပ်ကွက် A-3 ကို တူးဖော်ရောင်းချနေတာဖြစ်ပါတယ်။
“သဘာဝ သယံဇာတ တူးဖော်မှုတွေဟာ ငလျင်ဖြစ်စေနိုင်တဲ့ ဖိအားအဖြစ် အချိန်ကာလကြာမြင့်လာတဲ့ အခါပြောင်းလဲ လာတတ်ပါတယ်” လို့ ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က လေးဝတီ FM နဲ့ မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။
1762 ခုနှစ်မှာ စစ်ကိုင်းပြတ်ရွေ့ငလျင်တွေထက်အင်အားကြီးတဲ့ အင်အား ၈.၈ စကေးရှိတဲ့ Arakan Earthquake ငလျင်ကြီးလှုပ်ခတ်ဖူးပါတယ်။
အဲ့ဒီငလျင်ကြောင့် ရခိုင်ကမ်းလွန်ဟာ သတိထားရမယ့် အခြေအနေ မှာ ရှိနေပါတယ်။
ရခိုင်ကမ်းရိုးတန်း ပင်လယ်ကြမ်းပြင်ဟာ ဖိအားဖြစ်စေတဲ့ တုန်ခါမှုတွေ ထိခိုက်မှုတွေကို နေ့စဉ် ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့အနီး အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်
ဧရာဝတီ၊ မေ ၁၉၊ ၂၀၂၅
အထူးစီးပွားရေးဇုန်တည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး ယနေ့ နံနက် ၂ နာရီခန့်၌ ရစ်ချ်စတာစကေး ၅ ဒသမ ၁ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ကျောက်ဖြူမြို့တောင်ဘက် ၂၉ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အား ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြထားပြီး ငလျင်သင့် နောက်ဆက်တွဲအခြေအနေများကို မသိရသေးပေ။
မေ ၁၇ ရက် ညပိုင်းကလည်း မန္တလေးတိုင်းအတွင်း ရစ်ချ်စတာစကေး ၅ အဆင့်ကျော်သည့် ငလျင်တခုလှုပ်ခတ်ခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မိုးကုတ်၊ ရမည်းသင်း စသည့်မြို့များ၌ ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်အပြီး ၁၇၅ ကြိမ်မြောက် နောက်ဆက်တွဲငလျင်အဖြစ် မြစ်သာမြို့ အနောက်တောင်ဘက် ဆယ်မိုင်ခန့်အကွာ မြေအနက် ၁၀ ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်ချ်စတာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။