ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးမြို့များ ပြန်လည် သိမ်းပိုက်ရေး၊ နယ်မြေစိုးမိုးရေး၊ ထိုးစစ်ဆင်ရေးနှင့်လေကြောင်း တိုက်ခိုက်မှုများအတွက် နေပြည်တော်စစ်ရုံးတွင် မင်းအောင်လှိုင်က စစ်ရေးအစည်းအဝေးများ ဆက်တိုက်ခေါ်ယူ

by

in

ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးမြို့များ ပြန်လည် သိမ်းပိုက်ရေး၊ နယ်မြေစိုးမိုးရေး၊ ထိုးစစ်ဆင်ရေးနှင့်လေကြောင်း တိုက်ခိုက်မှုများအတွက် နေပြည်တော်စစ်ရုံးတွင် မင်းအောင်လှိုင်က စစ်ရေးအစည်းအဝေးများ ဆက်တိုက်ခေါ်ယူ
ရန်ကုန်၊ မေ ၁၉
အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် ရှိနေသည့် ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးထားသော မြို့များ ပြန်လည် သိမ်း ပိုက်ရေး၊ နယ်မြေစိုးမိုးရေး၊ ထိုးစစ်ဆင်ရေးနှင့်လေကြောင်း တိုက်ခိုက်မှုများအတွက် နေပြည်တော်စစ်ရုံးတွင် မင်းအောင်လှိုင်က စစ်ရေးဆိုင်ရာ အစည်းအဝေးများ ဆက်တိုက်ခေါ်ယူခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ရုရှားနိုင်ငံတွင် တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့သော မင်းအောင်လှိုင်က မေလ ၁၂ ရက်နေ့မှစတင်ပြီး စစ်ဆင်ရေးကိစ္စများကို ၎င်းလက်အောက်ခံ ဗိုလ်ချုပ်များ၊ ကစထမှူးများနှင့် အစည်းအဝေးများ ခေါ်ယူခဲ့ကြောင်း၊ ယင်းနောက် မေလ ၁၅ ရက်နေ့ နှင့် မေလ ၁၆ ရက်နေ့တွင် စစ်တိုင်းမှူးများကို နေပြည်တော်သို့ ခေါ်ယူခဲ့ကြောင်း၊ ယင်းနောက် စစ်ရေးဆိုင်ရာ ဆက်စပ်အစည်းအဝေးများကို တောက်လျှောက်ဆိုသလို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ စစ်ရေးဆိုင်ရာ အစည်းအဝေးတွေချည်းပဲ ဆက်တိုက် လုပ်တယ်။ စစ်ဆင်ရေး စီမံချက်တွေ ဆွဲတယ်လို့လည်း သိရတယ်။ စစ်ရေး၊ ထောက်ပို့၊ ခဲယမ်းလက်နက် စစ်ရေး Sector ပေါင်းစုံ ဆွေးနွေးမှုရှိတယ်။ စစ်ဆင်ရေး ဦးဆောင်သူတချို့လည်း အပြောင်းအလဲ ရှိနိုင်တယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
မေလ ၁၅ ရက်နေ့မှ ယနေ့ မေလ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့သော စစ်တိုင်းမှူးများ အစည်းအဝေးတွင်လည်း နယ်မြေစိုးမိုးရေး ကိစ္စများကိုပင် အဓိက ဆွေး နွေးခဲ့ကြောင်း သိရှိရသည်။
ရုရှားခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ပင်နှင့်တွေ့ဆုံခဲ့ရတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လွတ်လပ် ရေး၊ နယ်နမိတ်ပိုင်ဆိုင်မှုနှင့် နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်မှုများကိုလည်း ထောက်ခံသည်ဆိုသော တရုတ်သမ္မတထံမှ ကတိကဝတ်ရရှိခဲ့ပြီးနောက် နေပြည်တော် စစ်ရေးဆိုင်ရာ အစည်းအဝေးများတွင် မင်းအောင်လှိုင်မှာ စစ်ဆင်ရေးများအတွက် စိတ်အားထက်သန်မှုများ ရှိနေကြောင်း သိရှိရသည်