အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး စစ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟု အကြမ်းဖက် ဇော်မင်းထွန်းဝန်ခံ ■ ဖမ်းဆီးခံလိုက်ရသော တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ ဓာတ်ပုံများ ထွက်ပေါ် လာ

by

in

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး စစ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟု အကြမ်းဖက် ဇော်မင်းထွန်းဝန်ခံ
■ ဖမ်းဆီးခံလိုက်ရသော တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ ဓာတ်ပုံများ ထွက်ပေါ် လာ
ရန်ကုန်၊ ဩဂုတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး အရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ နံနက်ပိုင်းတွင် ဝန်ခံပြောဆိုလိုက်ပြီဖြစ်သည်။
ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး MNDAA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက လားရှိုး ကိုစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ ၂ ရက်နေ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အနီးရှိ တပ်မတော်စစ်ဆေးရုံကို MNDAA တပ်များက တိုက် ခိုက် ခဲ့ကြောင်း၊ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့ကြောင်း၊ ယင်းနောက် ယခုအချိန်အထိ ဆက်သွယ်ရေး လုံး၀ ပြတ်တောက်သွားကြောင်း၊ လက်ရှိအချိန်တွင် အရာရှိကြီးများ ဖမ်းဆီးခံထားရသည်ဟု သိရှိရကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင် အမျိုး သမီး များ၊ ကလေးငယ်များ ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက် ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ တချို့သော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှအရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက် ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဩဂုတ် လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်” ဟု အကြမ်း ဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏ ဓာတ်ပုံများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိပြီဟု ကြေညာခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေနှင့် ပင်မရုံးချုပ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် လက်နက်ချသော စစ်သည်နှင့် တပ်မိသားစုဝင် ထောင်ချီရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- နံပါတ် ၁ မှာ MNDAA က ဖမ်းဆီးရရှိထားသော ရမခ တိုင်းမှူးဟောင်း စိုးတင့် ဖြစ်ပြီး နံပါတ် ၂ မှာ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းဖြစ်ကာ နံပါတ် ၃ မှာ ဗိုလ်မှူးချုပ် သန့်ထင်စိုးဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း စစ်တပ်ဝန်ခံ
………….
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း စစ်ကောင်စီက ဝန်ခံလိုက်သည်။

ရမခမှ အရာရှိကြီးများနှင့် ဩဂုတ်လ ၃ရက်၊ ညနေပိုင်းတွင် နောက်ဆုံးအဆက်အသွယ်ရခဲ့ပြီး၊ လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက်နေကြောင်းနှင့် အတည်ပြုဆဲသတင်းများအရ အရာရှိကြီးအချို့ကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားသည်ဟု သိရကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(ဩဂုတ် ၅)တွင် ထုတ်ပြန်သည်။

အမှတ်တံဆိပ်ကို အစွဲပြုပြီး ‘နေဝန်းနီ’ ဟု ထင်ရှားသည့် ရှမ်းမြောက်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တစ်ခုလုံးကို ကိုးကန့်တပ် MNDAA နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၃ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်၊ သိမ်းပိုက်နိုင်ခဲ့သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို တိုက်ခိုက်၊ သိမ်းပိုက်ခဲ့ပြီးနောက် ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် ကျောက်မဲမြို့အခြေစိုက် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁)မှ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို ကိုးကန့်တပ် MNDAA က အရှင်ဖမ်းမိထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းများထံမှ သိရသည်။

စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရသည့် အရေအတွက်၊ အမည်နှင့် ရာထူးများကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

တိုင်းစစ်ဌာနကြီးတစ်ခု ကျဆုံးမှုသည် မြန်မာစစ်တပ်သမိုင်းတစ်လျှောက်တွင် ပထမဆုံးဖြစ်သည်။