ရုရှားနိုင်ငံက စစ်ကူပေးပါရန် ကြံဖွံ့ဥက္ကဌ မေတ္တာရပ်ခံပြီ

by

in

ရုရှားနိုင်ငံက စစ်ကူပေးပါရန် ကြံဖွံ့ဥက္ကဌ မေတ္တာရပ်ခံပြီ
Myanmar Now

ကိုးကန့်တိုင်းရင်သားတပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်လားရှိုးရှိ အရှေ.မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရချိန် အင်အားချိနဲ့နေသည့် အာဏာရှင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးစီးသည့် စစ်ကောင်စီကို ရုရှားနိုင်ငံကစစ်ကူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ ဦးခင်ရီက လူသိရှင်ကြားမေတ္တာရပ်ခံလိုက်သည်။
ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ထိုသို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်ကြောင်း ယမန်နေ့၌ ၎င်းသတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။
အာဏာရှင် သမ္မတ ဗလာဒီမာပူတင်ဦးဆောင်သည့် “ရုရှားနိုင်ငံ၏ ဥပဒေအရ ရုရှားလုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပါဝင်နိုင်ကြောင်း” နှင့် “မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှု အဖြစ် အသိအမှတ်ပြုပေးပါရန်” ဦးခင်ရီကို ကိုးကား၍ သတင်းရေးသားထားသည်။
“ကျွန်ုပ်တို့၏ နိုင်ငံတွင် ဖြစ်ပျက်နေသော အခြေအနေမှန်ကို နားလည်ရန် နှင့် ရုရှားထံမှ ကျွန်ုပ်တို့ကို အထောက်အပံ့ ပေးရန် ကျွန်ုပ်တို့တောင်းခံလိုပါတယ်။ နောက်ပြီး ကျွန်ုပ်တို့ဟာ နိုင်ငံရေးပါတီဖြစ်တဲ့အလျောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ရုရှားနိုင်ငံက ကျွန်ုပ်တို့ရဲ. မဟာမိတ် ညီညွတ်သော ရုရှားပါတီနဲ့လည်း အတူယှဥ်တွဲကာ ကြိုးပမ်းသွားပါ့မယ်” ဟု ဦးခင်ရီက ပြောဆိုကြောင်း သတင်းတွင် ရေးသားထားသည်။
ဦးခင်ရီသည် အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်တွင် ရဲချုပ်ဟောင်းအဖြစ် တာဝန်ယူဖူးသူလည်း ဖြစ်ပြီး၊ ၂၀၁၀ စစ်တပ်ကစိတ်တိုင်းကျချယ်လှယ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကတစ်ဆင့် သမ္မတဖြစ်လာသူ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်လက်ထက်တွင်လည်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်လာသူဖြစ်သည်။ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် ထိုရာထူးကို ပြန်လည်ရရှိခဲ့ပြီး၊ ကြံ့ဖွံ့ပါတီခေါင်းဆောင်ပိုင်းအား မင်းအောင်လှိုင်အမိန့်ဖြင့် ၂၀၂၂ နှစ်ကုန် အပြောင်းအလဲလုပ်ချိန် ဗိုလ်ချုပ်ဟောင်းသန်းဌေး ပါတီခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရကာ ဦးခင်ရီက ပါတီဥက္ကဌဖြစ်လာခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၅-၂၀၂၁ (ဇန်နဝါရီ) အထိ ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌတစ်ဦးအဖြစ် ဇာတ်မြှုပ်နေခဲ့သူ ဦးခင်ရီမှာ ထိုကာလအတွင်း အစိုးရကို သိက္ခာချသည့် ဆန္ဒပြပွဲများ၊ တပ်ထောက်ခံပွဲများကို ဦးဆောင် စီစဉ်သည်ဟု အတွင်းသိ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းကဆိုသည်။
ဦးသိန်းစိန်အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူဖူးသော ရေတပ်ဦးစီးချုပ်ဟောင်း ဦးစိုးသိမ်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ်တွင် အာဏာမသိမ်းမီက ၁၁ ပွဲ၊ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ တပ်ထောက်ခံပွဲ စုစုပေါင်း ၂၂ ပွဲကို ဦးခင်ရီ စီစဉ်သည်ဟု အသေးစိတ် ရေးသားထားသည်။
အရှေ့မြောက်စစ်ဌာနချုပ်ကို စစ်ကောင်စီကလက်လွှတ်လိုက်ရခြင်းကြောင့် မန္တေးလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်များကို တိုင်းရင်းသားနှင့် မဟာမိတ်တပ်များက ဝင်ရောက်စီးနင်းချေမှုန်းနိုင်မည့် အခြေအနေများဖြစ်ပေါ်လာနိုင်သည်ဟု တွက်ဆချများ ပေါ်ပေါက်နေပြီဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီလ အာဏာမသိမ်းမီရက်ပိုင်းအလို ရုရှားကာကွယ်ရေးဝန်ကြီးအဖွဲ့ နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး၊ အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်အား တရားဝင်ဖိတ်ကြားသည့် တစ်ခုတည်းသော နိုင်ငံမှာ ရုရှားဖြစ်သည်။
ပုံစာ-လွန်ခဲ့သည့် ဇူလိုင် ၃၀ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်တွင် တွေ့စုံစဥ် (ပုံ-ပြည်ခိုင်ဖြိုး)