ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီ၏ လူမဆန်သောသတ်ဖြတ်မှုကို နိုးကြားမှုရှိစေရန် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံကာ သရုပ်ဖော် ကမ်ပိန်းပြုလုပ်
ဧရာ၀တီတိုင်းမ်
(ရန်ကုန်) မေ ၁၅ ရက်
ရန်ကုန်မြို့လယ်ခေါင်တွင် ယနေ့ မေ ၁၅ ရက်နေ့က ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force – YRF) အဖွဲ့သည် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံ၍ သရုပ်ဖော် ကမ်ပိန်းပြုလုပ်ခဲ့သည်။
သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံ၍ သရုပ်ဖော်ခြင်းခဲ့သည် စစ်ကောင်စီ၏ လူမဆန်သော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ရန်နှင့် ကလေးသူငယ်များ၏ စာသင်ကျောင်းအား လေကြောင်းပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်လျက်ရှိနေခြင်းကို ကမ္ဘာနှင့်အဝန်း သိရှိနိုးကြားစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံထားသည့် အဆိုပါပုံများသည် အကြမ်းဖက် စစ်ကောင်စီက ဓမ္မကိုမျက်ကွယ်ပြုလျက် စက်ဆုပ် ရွံရှာဖွယ်အကောင်းဆုံးလုပ်ရပ်များဖြင့် ပြည်သူကို ဦးတည်ရန်မူခဲ့သည့် ဒီပဲယင်းဖြစ်စဉ်ကို သက်သေထူခြင်းဖြစ်ကြောင်း YRF အဖွဲ့က ဆိုထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသူ ကလေးငယ် ၂၂ ဦးနှင့် ဆရာမ နှစ် ဦး စုစုပေါင်း ၂၄ ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။
ယခုလှုပ်ရှားမှုသည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကလေးသူငယ်များအားလုံး ၊ အနာဂတ်ခရီးကို ဆုံးအောင်မလျှောက်နိုင်ခဲ့သော ကလေးသူငယ်များ အားလုံး ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း YRF က ဆိုသည်။
ဓာတ်ပုံ-YRF