ဒေါနတောင်တန်း အရှေ့ခြမ်းက တာလယ်ဗျုဟာ ကို KNU ဝန်းရံပိတ်ဆို့တိုက်ခိုက်
မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။
ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ တပ်မဟာ (၇) စစ်ရေးလှုပ်ရာနယ်မြေထဲက တာလယ်ကျေးရွာအနီးမှာရှိတဲ့ ဗျုဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့က မေလ ၉ ရက်က စတင်တိုက်ခိုက်နေတာပါ။
ထိုင်းနယ်စပ်အနီးက တခေါဘီခွီးစခန်းကို သိမ်းယူလိုက်တဲ့ နေ့မှာပဲ ညပိုင်းမှာ တာလယ်ဗျုဟာစခန်းကို KNU က တပါတည်း တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ တာလယ်ဗျုဟာစခန်းဟာအဲဒီ ဒေသတွင်းမှာ အကြီး ဆုံးစခန်းလည်းဖြစ်ပါတယ်။
စခန်းကို KNU က ဝန်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဘက်ကလည်းနေ့စဉ်နီးပါး လေကြောင်းကနေ ပစ်ကူပေးပြီး တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့် တာလယ်ကျေးရွာ ဒေသခံရွာသူ၊ရွာသားတွေ ရွာလုံးကျွတ် နီးပါး ထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
လှိုင်းဘွဲ့မြို့နယ်၊ဒေါနတောင်တန်းအရှေ့ဘက် က ထိုင်းနယ်စပ် တလျောက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNU က တိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး အခုနှစ်အတွင်းမှာ ပူးလူးတူ၊ ခလယ့်ဒေး၊ မော်ဖားသူ၊ တခေါဘီခီးစခန်းတွေကို သိမ်းယူထားပြီးဖြစ်ပါတယ်။
အဲဒီဒေသမှာ တာလယ်ဗျုဟာစခန်းအပါအဝင် မော်ဖိုးခီ့(မော်ဖိုးကေ)၊ မယ်လ နဲ့ နော်တရာတောင်စခန်းတို့ ကျန်ရှိနေပါတယ်။
ဒါပေမယ့် လက်ကျန်တပ်စခန်းတွေဆီ စစ်ကောင်စီတပ်က မြေပြင်စစ်ကူ မလွှတ်နိုင်တော့ဘဲ လေကြောင်းပစ်ကူကိုသာပေးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အသိပေးပါတယ်။
ထိုင်းနယ်စပ်အနီးက တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်တာမရှိပါဘူး။
