ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဆရာမ၊ ကျောင်း သားကျောင်းသူ စုစုပေါင်း ၂၀ ဝန်းကျင်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ ၊ သေဆုံးသူအရေအတွက် တိုးလာနိုင်
ရန်ကုန်၊ မေ ၁၂
မိခင်တစ်ယောက်ရဲ့ငိုကြွေးသံ😢
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀ ဝန်းကျင် သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရကြောင်း ဒီပဲယင်းမြို့နယ်မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူက ပြောဆိုသည်။
ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ကလေးငယ်အများအပြား ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခုလောလောဆယ် သိရတာက အလောင်းရတာနဲ့ ခန္ဓာကိုယ် အစိတ်အမွှာမွှာ ပြတ်ထွက်ကုန်တဲ့ အလောင်းတွေ အပါအဝင်ဆိုရင် စုစုပေါင်း အလောင်း ၂၀ လောက်ရှိတယ်လို့ သိရတယ်။ ဒဏ်ရာရတာလည်း ၃၀ ကျော်တယ်။ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာ ပြင်းထန်သူတွေလည်းပါတော့ သေဆုံးသူ တိုးလာနိုင်ပါတယ်။ အခုက လေကြောင်းကနေ ထပ်ပြီး ဗုံးကျဲလာနိုင်လို့ အားလုံးကို သတိပေးနေပါတယ်” ဟု ဒီပဲယင်းမြို့နယ်မှ ကယ်ဆယ်ကူညီရေးလုပ်ဆောင်သူက ပြောဆိုသည်။
အဆိုပါကျေးရွာစာသင်ကျောင်းကို ဗုံးကျဲခဲ့သော တိုက်လေယာဉ်မှာ မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်မှ ဖြစ်ပြီး MiG-29 Fighter အမျိုးအစားတိုက်လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
ဒီပဲယင်းနယ် စာသင်ကျောင်း ဗုံးကြဲသတ်ဖြတ်ခံရမှု သေဆုံးသူ ၂၂ ဦး ရှိလာ၊
ဒဏ်ရာရသူ ၄၀ ကျော် ရှိ၊
MFP ၊ မေ – ၁၂
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို မေလ ၁၂ရက် ဒီကနေ့ မနက် ၉နာရီခွဲကျော်အချိန် စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ရာ ကျောင်းသားကျောင်းသူနဲ့ ဆရာဆရာမတွေ အပါအဝင် သေဆုံးသူ စုစုပေါင်း ၂၂ ဦး ရှိလာပြီး ဒဏ်ရာရလို့ ဆေးကုသနေရသူ ၄၀ ကျော် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သေဆုံးသူတွေထဲက ၂၀ ဦးဟာ Grade – 2 ကနေ Grade – 11 အထိကျောင်းသားကျောင်းသူတွေ ဖြစ်ပြီး နှစ်ဦးက ဆရာမတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ကျောင်းသားသူငယ် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၂ ဦး ပြင်းထန်ဒဏ်ရာများနှင့်ပွဲချင်းပြီးသေဆုံးခဲ့ရပြီး၊ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် ဆေးကုသမှုခံယူရသူ အရေအတွက်မှာ(၄၀)ခန့် ရှိသည်ဟု မြေပြင်အတည်ပြုစာရင်းရရှိခဲ့ပါသည်” လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုက ကျောင်းသားတွေ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းပေါ် တည့်တည့်ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“လေယာဉ်ဖြင့် စာသင်ကျောင်းပေါ် တည့်တည့်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ အပြစ်မဲ့ ကလေးသူငယ်၊ ကျောင်းသားလူမမယ်လေးများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်ပါသည်“လို့ ဒီပဲယင်း ပအဖ က ဖော်ပြပါတယ်။
ဗုံးကြဲသတ်ဖြတ်ခံရတဲ့ စာသင်ကျောင်းဟာ အိုးထိန်းတွင်း တောင်ရွာနဲ့ မြောက်ရွာကြားမှာ ရှိတယ်လို့ ဆိုပါတယ်။
“လေကြောင်းတိုက်ခိုက်မှုက အိုးထိမ်းတွင်းတောင်ရွာ မြောက်ရွာကြားရှိ စာသင်ကျောင်းကို လာရောက်ပစ်ခတ်သွားတာ။ ကလေးတွေစာသင်ချိန်ဆိုတော့ အထိခိုက်များတယ်ဗျ၊ လက်ရှိအချီန်ထိ ဆက်ရှာဖွေနေတုန်း” လို့ ဒေသခံတစ်ဦးက MFPကို ပြောပါတယ်။
သေဆုံးတဲ့ ကျောင်းသားကျောင်းသူတွေဟာ မသက်ထားဝေ G11၊ မောင်စိုးမိုးသွန်း G3၊ မောင်ချမ်းမြေ့အောင် G4၊ မရွှန်းလဲ့ဝေ G2၊ မဖြိုးဝေဖြိုး G3၊ မသွန်းစက်ဖြူ G2၊ မထက်ရတီထွန်း G4၊ မောင်မြတ်နိုးမောင်မောင် G9၊ မမွန်မီမီအောင် G4၊ မမိုးဟေကျော် G4၊ မမို့မို့ဝင်း G10၊ မလှအုံးမယ် G7၊ မမိုးမြင့်ဟန် G7၊ မအေးငြိမ်းစံ G3၊ မောင်ဇေယျာဖြိုး G5၊ မချယ်လီမိုး G2၊ မောင်လွှမ်းပိုင်ထက် G2၊ မမြတ်နိုးဦး G7၊ မငြိမ်းရွှေရတီမိုး G2၊ မစုလတ်နိုင် G2 နဲ့ ဆရာမ ဒေါ်ပန်းမို့မို့ဝေ၊ ဆရာမ ဒေါ်ဇင်မာသူ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးသူတွေ/Photo – ဒီပဲယင်း ပအဖ