Breaking News- ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးဟုဆို
ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးကြောင်း ဒီပဲယင်းမြို့နယ်မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူက ပြောဆိုသည်။
ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး သေ ဆုံးခဲ့ပြီး ကလေးငယ်အများအပြား ထိခိုက်သေဆုံးကြောင်း သိရှိရသည်။
“စာသင်ကျောင်းပေါ် တည့်တည့်ကျဲသွားတာ။ ဆရာမ ၂ ဦးကတော့ ပွဲချင်းပြီးပဲ။ ကျောင်းသားကျောင်းသူ ၅၀ လောက် ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အလောင်း ရှာမရတဲ့ ကလေးတွေလည်းရှိတယ်။ ကလေးတွေက မျက်လုံးကျွတ်ထွက်သူထွက်။ တချို့က ခေါင်းကို ထိခိုက်တယ်။ အခု ကားတွေနဲ့ သယ်ထုတ်နေတယ်။ အခြေအနေက ဆိုးပါတယ်” ဟု ဒီပဲယင်းမြို့နယ်မှ ကယ်ဆယ်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော အလောင်းရရှိမှုအနေဖြင့် ကျောင်းသားကျောင်းသူများ အပါ အဝင် ကလေးငယ် ၁၁ ဦးနှင့် ဆရာမ ၂ ဦးတို့၏ အလောင်းများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသော ကလေးငယ်များလည်း များပြားကြောင်း၊ ကူညီကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။