ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ် အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့်စခန်းများအားလုံး လုံခြုံရေးအတွက်ဟုဆိုကာ ညပိုင်းအမှောင်ချ၊ စစ်တက္ကသိုလ် များ၏ အဝင်မုခ်ဦးနှင့်ဆိုင်းဘုတ်များပင် အလှဆင်မီး မထွန်းတော့

by

in

ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ် အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့်စခန်းများအားလုံး လုံခြုံရေးအတွက်ဟုဆိုကာ ညပိုင်းအမှောင်ချ၊ စစ်တက္ကသိုလ် များ၏ အဝင်မုခ်ဦးနှင့်ဆိုင်းဘုတ်များပင် အလှဆင်မီး မထွန်းတော့
ရန်ကုန်၊ စက်တင်ဘာ ၂
ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့်စခန်းများအားလုံး လုံခြုံရေးအရ ညပိုင်းအမှောင်ချနေပြီး စစ်တက္ကသိုလ် များ၏ အဝင်မုခ်ဦးနှင့်ဆိုင်းဘုတ်များပင် အလှဆင်မီး မထွန်းတော့ကြောင်း ပြင်ဦးလွင်အခြေစိုက် ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
ပုံမှန်အားဖြင့် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များတွင် အဝင်မုခ်ဦးနှင့်ဆိုင်းဘုတ်များတွင် အလှဆင်မီးများ ထွန်းထားလေ့ရှိပြီး တပ်ရင်းတပ်ဖွဲ့များတွင်လည်း ညပိုင်း မီးများ ပုံမှန်ထွန်းလေ့ရှိကြောင်း၊ သို့ရာတွင် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က သိမ်းပိုက်သွားပြီးချိန်မှစ၍ ပြင်ဦးလွင်တပ်နယ်တွင် ညပိုင်း မီးများ မထွန်းတော့ဘဲ အမှောင်ချထားခြင်းဖြစ်ကြောင်း၊ ယခုအခါ စစ်တက္ကသိုလ်များတွင်ပါ မည်သည့် မီးအလင်းရောင်မှ မထွန်းတော့ဘဲ လုံခြုံရေးအရဟုဆိုကာ အမှောင်ချထားခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ၂၄ နာရီ ကင်းများနှင့် ကင်းပုန်းများ အပြည့်ချထားကြောင်း သိရှိရသည်
“အခုဆိုရင် DSA ထဲမှာ မီးကို မဖွင့်ရဲဘူး။ ညဆိုရင် မီးလာလည်း အမှောင်ချပြီး နေတာ။ အရင်တုန်းကဆိုရင် တပ်နယ် ဂိတ်ပေါက်တို့ ဟိုဟာတို့ဆို မီးလင်းထိန်အောင်ထားကြတာ။ အခုနောက်ပိုင်းဆိုရင် မီးကို လုံးဝကို မဖွင့်တော့တာ။ အမှောင်ချပြီးတော့မှ နေကြတယ်။ များသောအားဖြင့် မီးလင်းတဲ့ နေရာဆိုရင်တော့ ရပ်ကွက်နဲ့ လားရှိုးမန္တလေးလမ်း ၊ ရပ်ကွက်လမ်းကြားတွေ ဒါတွေပဲ မီးလင်းတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ ဧရိယာအကုန်လုံးက အမှောင်ချထားတယ်။ အရင်လိုမျိုး မီးအလှတွေ ဘာတွေလည်း မဖွင့်ရဲဘူး။ မီးလင်းလင်းထင်ထင်ကို မဖွင့်ကြတော့တာ။ ဒါပေမယ့် ကင်းပုန်းတွေနဲ့ လှည့်ကင်းတွေတော့ အမြဲမပြတ်ရှိနေတယ်” ဟု ပြင်ဦးလွင်ဒေသသတင်းရင်းမြစ်က ဆိုသည်။
စစ်တပ်များတွင် အမှောင်ချထားသော်လည်း လက်နက်ကြီးများကိုမူ နောင်ချိုဘက်သို့ ဦးတည်၍ ညတိုင်းပစ်ခတ်နေကြောင်း၊ ယမန်နေ့ညပိုင်း ပစ်ခတ်မှုမှာ လက်နက်ကြီးအချက်ရေ အများဆုံးဖြစ်ကြောင်း၊ စစ်မီးသည် တစ်စထက် တစ်စ ပြင်ဦးလွင်ဘက်သို့ ကူးလာသည့်သဘော ဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“ပြင်ဦးလွင်ကနေ လက်နက်ကြီး ပစ်ကူတာပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ဒီကနေ ပစ်တဲ့ အသံတွေပဲ ကြားရတယ်ဆိုတော့ တဖြည်းဖြည်းနဲ့တော့ ဒီ ပြင်ဦးလွင်ကို ကပ်လာနိုင်တဲ့ အနေအထားမျိုး အနှေးနဲ့ အမြန်တော့ ဖြစ်လာနိုင်တာပေါ့။” ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ဆိုသည်။
ထို့ပြင်ပြင်ဦးလွင်တွင် စစ်တပ်က ဧည့်စာရင် စစ်ဆေးမှုများကို လုပ်ဆောင်လာပြီး မြို့လုံခြုံရေးကို ပြည်သူ့စစ်(ခေါ်) ပျူစောထီးများက နေရအနှံ့ အဓိက တာဝန်ယူနေကြောင်း၊ စစ်တပ်က တပ်ရင်းတပ်ဖွဲ့များတွင်သာ အထိုင်ချ တပ်စွဲထားကြောင်း သိရှိရသည်။
“ရဲအင်အားလည်းမရှိတော့ဘူး။ ဧည့်စာရင်း စစ်တဲ့အခါမှာ သက်ဆိုင်ရာ ရပ်ကွက်အလိုက် နယ်ထိန်းရဲ တစ်ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပျူစောထီးတွေက ပူးပေါင်းပြီတော့မှ ဧည့်စာရင်း စစ်ရတာ။ အရင်လို စစ်တပ်ကလည်း မလိုက်နိုင်ဘူး။ လူအင်အားကို မရှိတော့တာ ။ ပြီးတော့ အဲဒီလိုမျိုးနေတာ ။ သူတို့တော့ အရမ်းကြောက်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ပြီးတော့ တစ်ခုရှိတာက သူတို့ထဲမှာက ဘာပါ ဖြစ်လဲဆိတော့ ဟိုဘက်နေပြီးတော့ တိုက်ပွဲကနေပြီးတော့ TNLA နဲ့ တော်လှန်ရေးတပ်တွေက ဟိုဘက်ကနေ ပြေးလာပြီတော့မှ ဝင်လာမှာ ရှိတယ်ဆိုပြီတော့မှ သတင်းရပြီးတော့မှ ပိုက်စိတ်တိုက်ပုံစံနဲ့ နေ့တိုင်း ဧည့်စာရင်း စစ်နေတယ်။ အဆိုးဆုံးကတော့ ရပ်ကွက်ကြီး ၈ ၊ ၁၀ ၊ ရပ်ကွက်ကြီး ၅ ကတေ့ လက်နက်လည်း ထုတ်ထားပေးတယ် ပြည်သူ့စစ်တွေ။ ကျန်တဲ့ လက်နကတွေကတော့ လက်နက်မပါဘူး ။ ယူနီဖောင်းနဲ့တင် ပြည် သူ့စစ်ယူနီဖောင်း။တချို့ ရပ်ကွက်တွေ ယူနီဖောင်း မပါဘူး။ ပြင်ဦးလွင်မှာစစ်တပ်ရဲ့ အနေအထားမှာ လက်ပူတိုက်ပြီး လူရှာဖွေ စုဆောင်းပြီး လုပ်နေရတဲ့ အနေ အထားပဲ” ဟု ပြင်ဦးလွင်မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီက ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပါက မြို့ကျဆုံးခြင်းမရှိစေရေးအတွက် တပ်ရင်းတပ်ဖွဲ့များက စခန်းစွန့်ခွာခြင်းမပြုဘဲ အသေခံတိုက်ပွဲဝင်ကြရန်၊ တပ်မြို့ဖြစ်သော ပြင်ဦးလွင်ကို နောက်ဆုံးကျည် ဆန် တစ်တောင့် နှင့်သွေးတစ်စက် ကျန်သည့်တိုင် ရွပ်ရွပ်ချွံချွံ ကာကွယ်တိုက် ပွဲဝင်ကြရန် စစ်ခေါင်းဆောင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမိန့်ပေးညွှန်ကြားထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခင်က မီးထိန်ထိန်လင်းခဲ့သော ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် ဆိုင်းဘုတ်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)