၁၈ မှ ၃၅ နှစ်ကြား အမျိုးသားများ ထိုင်းဘက် ကမ်းကူးခွင့်ပိတ်

by

in

၁၈ မှ ၃၅ နှစ်ကြား အမျိုးသားများ ထိုင်းဘက် ကမ်းကူးခွင့်ပိတ်
ဧရာဝတီ၊ စက်တင်ဘာ ၂ ရက်၊ ၂၀၂၄

တနင်္သာရီတိုင်း ကော့သောင်းဘက်မှနေ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်းမြို့သို့ သွားရောက်မည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို စစ်ကောင်စီ လက်အောက်ခံ နယ်စပ်ဂိတ်က ထွက်ခွာခွင့် ပိတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ကော့သောင်း- ရနောင်းနယ်စပ်ဂိတ်၌ ၇ ရက်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်စာအုပ်များကို စစ်ကောင်စီက ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။
ကော့သောင်း ဒေသခံအမျိုးသားတဦးက “၇ ရက်စာအုပ်က သက်တမ်းတိုးမယ့်သူရော၊ အသစ်လုပ်တဲ့သူတွေပါ မရတော့တာ။ သူတို့ သတ်မှတ်ထားတဲ့ ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေပေါ့နော်။ အမျိုးသမီးတွေကတော့ ရသေးတယ်” ဟု ပြောသည်။
စစ်ကောင်စီက ယာယီနယ်စပ် ဖြတ်ကျော် ၇ ရက်စာအုပ်ကို ပိတ်လိုက်သော်လည်း ကော့သောင်းမှတ်ပုံတင်ဖြင့် ၁၄ ရက် ယာယီဖြတ်သန်းခွင့်စာအုပ်များကို ပိတ်ထားခြင်းမရှိဟု ယနေ့နံနက်ပိုင်းမှ သက်တမ်းသွားတိုးခဲ့သည့် ကော့သောင်းမြို့ခံ လူငယ်အမျိုးသားတဦးက ပြောသည်။
စစ်ကောင်စီက ထိုသို့ ပိတ်လိုက်သောကြောင့် ၇ ရက် စာအုပ်သက်တမ်းပြည့်၍ ရနောင်းဘက်မှ ပြန်ဝင်််််မည့်သူများပါ ဝင်မရဘဲ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
“ထွက်ပြီး ပြန်ဝင်လို့မရတော့လို့ တချို့ စက်လှေနဲ့ ပြန်ဝင်နေကြပါတယ်။ ပိတ်တယ်ဆိုတာတော့ အပြီးပိတ်တာတော့ မဟုတ်လောက်ဘူးထင်တယ်။ တပတ်လောက်ဖြစ်နိုင်တယ်” ဟု စက်လှေသမားတဦးက ပြောသည်။
စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြပြီး ထိုသို့ ထွက်ခွင့် ပိတ်လိုက်သောကြောင့် ပိတ်မိနေသူ ရာချီရှိနေပြီး စက်လှေများဖြင့် တရားမဝင် သွားရောက်နေသူများလည်းရှိကာ တဦးလျှင် ဘတ် ၂၅၀၀၊ ဘတ် ၃၀၀၀ ထိ ပေးနေရသည်ဟု သိရသည်။
ယခင်က ၇ ရက်စာအုပ်ဖြင့် တရားဝင်သွားရောက်ရာတွင် ကော့သောင်းကမ်းမှ ရနောင်းကမ်းသို့ ဝင်လာလျှင် ထိုင်း လဝကထံ၌ အပေါင်ငွေ ထိုင်းဘတ် ၅၀၀ အပါအဝင် စက်လှေခ၊ စာအုပ်ခ စုစုပေါင်း ၇၅၀ သာ ကုန်ကျကြောင်း သိရသည်။
ပုံစာ- ကော့သောင်း- ရနောင်း နယ်စပ်ဂိတ်နှင့် ကော့သောင်းဘက်ခြမ်းတွင် ဆိုက်ကပ်ထားသည့် စက်လှေများ/ဓာတ်ပုံ- CJ